Sunday, November 14, 2010

ခေါင်းထဲက မမြင်နိုင်တဲ့နာကျင်မှုဝေဒနာ

လူအများစုမှာ ညပိုင်းအရက်သောက်ပြီးတဲ့အခါ ရံဖန်ရံခါ မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်း၊ တချို့မှာ ဆေးပညာအခေါ်အရ မိုင်ကရိန်းလို့ခေါ်တဲ့ အလွန်ဆိုးရွားတဲ့ ခေါင်းတခြမ်းကိုက်ဝေဒနာခံစားတတ်ပါတယ်။ သိပ္ပံပညာရှင်များရဲ့အဆိုအရ ဦးနှောက်အတွင်းရှိ အာရုံကြောလမ်းကြောင်းများနဲ့ ဓါတုပစ္စည်းများဟာ ဦးနှောက်ထဲသွေးစီးဆင်းမှုကို ဟန့်တားနှောက်ယှက်ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အမျိုးသမီးများဟာ အမျိုးသားတွေထက် အဆိုပါရောဂါ၃ဆပိုဖြစ်များပါတယ်။ အများစုမှာ အသက်၃၀မှ၃၉ကြားတွင် ဖြစ်တတ်ကြပြီး နာကျင်မှုဝေဒနာမှာ နာရီပိုင်း(သို့)ရက်ပိုင်းထိ ခံစားရတတ်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နဲ့ လူနေမှုဘဝပုံစံအပေါ် မူတည်ကြောင်း သိရပါတယ်။

အဆိုပါရောဂါခံစားရပါက လေးလံထိုင်းမှိုင်းခြင်း၊ မကြာခဏပျို့အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အလင်းနဲ့အသံစူးရှမှုကို မခံမရပ်နိုင်ဖြစ်ခြင်း၊ ခြေလက်များစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနဲ့ ထုံကျဉ်ခြင်း၊ ဆီးများခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်းစတဲ့ လက္ခဏာများခံစားရတတ်ပါတယ်။ အဲဒီအချိန်မှာ အာရုံကြောမကြီးစနစ်ရှိ နာကျင်မှုထိန်းချုပ်ပေးတဲ့ Serotonin ပမာဏဟာ လျော့ကျသွားပါတယ်။ မိုင်ကရိန်းဝေဒနာရှိတဲ့ အမျိုးသမီးအများစုမှာ အဆိုပါဝေဒနာမခံစားမီနဲ့ ခံစားနေစဉ်အတွင်း အီစထရိုဂျင်ပမာဏ သိသိသာသာလျော့ကျလာပြီး ခေါင်းချက်ချင်းကိုက်လာပါမယ်။

အစားအသောက်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ယေဘုယျအားဖြင့် ချိစ်၊ ချောကလက်၊ အရက်၊ အစေ့အဆန်၊မြေပဲထောပတ်၊ နိုက်ထရိတ်ပါတဲ့ အစားအသောက်များ၊ မိုနိုဆိုဒီယမ်ကလူတမိတ်ပါတဲ့ အစားအသောက်များ ဖြစ်ပါတယ်။ မိုင်ကရိန်းကို ပျောက်ကင်းသွားအောင် ကုသဖို့ကုထုံးမရှိသေးပေးမဲ့ လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ဝေဒနာကိုအထောက်အကူဖြစ်စေပါတယ်။ ဥပမာ-ကော်ဖီလျှော့သောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အိပ်ပျော်စေလွယ်ပြီး ခေါင်းကိုက်မှုကို လျော့ကျစေပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဘယ်အချိန်မှာခေါင်းကိုက်တယ်၊ ဘယ်လောက်ပြင်းထန်တယ်၊ ဘာတွေစားခဲ့တယ်၊ ဘယ်လောက်အိပ်ခဲ့တယ် စသည်ဖြင့် ဒိုင်ယာရီရေးမှတ်ထားရပါမယ်။

အဆိုပါရောဂါကို သက်သာစေတဲ့ဆေးဝါးများရှိသော်လည်းပဲ ဘေးထွက်ဆိုးကျိုးများတဲ့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါကြောင်း။

1 comment:

December Mgmg said...

ယူရဲ့ ဘလော့ကာကို တိုးတက်စေချင်ရင် အစဉ်မပျက်ပါစေနဲ့ ခင်ဗျာ အရေးအသားကောင်းပါတယ်