အဲသလို အဘက်ဘက်မှ အဆင်ပြေလွယ်ကူအောင် ပြု ပြင်မွမ်းမံပေးထားတာကို နိုင်ငံကြီးသားပီသစွာနဲ့ ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ရမှာကတော့ မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ပင် ဖြစ်ပါတယ်။ အမှိုက်သိမ်းယာဉ်များဟာ နေ့စဉ် ရပ်ကွက်အလိုက် ဆော်သြပြီး အချိန်မှန်မှန်လာရောက်သိမ်းယူကြပါတယ်။ ဒါကြောင့် မြို့ကြီးသားပီသစွာပြုမူနေထိုင်ဖို့ လမ်းပေါ်မှာ ကွမ်းတံတွေးမထွေးခြင်း၊ အမှိုက်များကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ခြင်းဖြင့် စည်ပင်သာယာဝပြောတဲ့ မြို့တော်အလှကို အကျည်းမတန်အောင် စောင့်ထိန်းလိုက်နာကြရပါမယ်။
စာရေးသူအဓိကထည့်သွင်းပြောကြားလိုတာကတော့ လမ်းဘေးတိရစ္ဆာန်များကို စနစ်တကျကျွေးမွေးပြီး သန့်ရှင်းစွာ မိမိအမှိုက်များကို သိမ်းဆည်းကြဖို့နဲ့ လမ်းသွားလမ်းလာမိဘပြည်သူများ အန္တရာယ်ဘေးကင်းစွာ သွားလာနိုင်စေဖို့ အထူးသတိရှိရပါမယ်။ ဥပမာဆိုရသော် အချို့သောတိရစ္ဆာန်ချစ်သူများဟာ ခွေးလေခွေးလွင့်များနဲ့ ခိုများကို အများပြည်သူများ ဥဒဟိုသွားလာနေတဲ့လမ်းမပေါ်မှာ ကျွေးမွေးခြင်းကြောင့် မလိုလားအပ်တဲ့ ယာဉ်မတော်တဆတိုက်မိခြင်းနဲ့ လူများကို ထိခိုက်ဒဏ်ရာအနာတရများအပြင် အသက်ဘေးအန္တရာယ်များဖြစ်တတ်ပါတယ်။ တိရစ္ဆာန်များမှာလည်း အစာပဲအသည်းအသန်မဲနေလို့ အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။
စင်ကာပူနိုင်ငံမှာ ဘယ်အဆောက်အအုံဝန်းကျင်မှာမဆို ခိုစာကျွေးခြင်းဟာ ဥပဒေနဲ့လျော်ညီမှုမရှိဘဲ ဒဏ်ငွေနဲ့ထောင်ဒဏ်အထိပါ ပြစ်ဒဏ်ကျခံနိုင်ပါတယ်။ မည်သူမဆို ဌက်များကိုအဆောက်အအုံပြင်ပမှာ ကျွေးမွေးတာကို တွေ့ရှိပါက National Environment Agency(NEA)အမျိုးသားပတ်ဝန်းကျင်အဖွဲ့အစည်းထံသို့ တိုင်ကြားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ကြက်ဌက်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်စေလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံကြီးဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဆီသို့ တရွေ့ရွေ့ချီတက်သွားလာနေစဉ်မှာ သူတပါးတိုင်းပြည်နဲ့မခြား လိုက်မီအောင် အလျင်အမြန်ကြိုးပမ်းဖို့ ကျွန်မတို့နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် လတ်တလောမှာ လမ်းတလျှောက်လမ်းမီးတိုင်များကို နေ့မအား၊ညမနား အပြီးသတ်တပ်ဆင်လျက်ရှိရာ မြို့ပြညအလှကို မီးရောင်ထိန်ထိန်ဖြင့် ရှုမငြီးဖွယ် တွေ့မြင်ရပါတယ်။ အထူးတာဝန်တစ်ရပ်ဖြစ်တဲ့ မသမာသူများရဲ့ ဒုစရိုက်မှုပပျောက်ရေး၊ မှုခင်းအန္တရာယ်ကျဆင်းရေးနဲ့ မိဘပြည်သူများ ဘေးဘယာကင်းဝေးပြီး အေးချမ်းစွာနေထိုင်စေဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိမ်းဌက်စစ်ဆင်ရေးအဖွဲ့များဖွဲ့ကာ ရပ်ကွက်အလိုက် လှည့်ကင်းများ ညဘက်မှာချထားပေးပါတယ်။
၂၀၁၈မြန်မာ့ရိုးရာသင်္ကြန်အမီ ကျုံးပတ်လည်ကိုလည်း စတီးလက်ရန်းများနဲ့ ကာရံအလှဆင်ထားလို့ ကျုံးမြို့ရိုးနဲ့ ပနံသင့်လှပါတယ်။ ရှေးမူမပျက် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ကို အကောင်အထည်ဖော်ဆောင်ပေးထားတာကြောင့် ဘေးကင်းပြီး ယာဉ်ကြောရှင်းကာ ပျော်ပျော်ပါးပါးနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ အေးအေးချမ်းချမ်းပါဝင်ဆင်နွှဲနိုင်ပါတယ်။ အရင်က သင်္ကြန်လည်ရင် ယာဉ်တိုက်မှုဖြစ်မှာ၊ မီးသတ်ပိုက်နဲ့ထိုးမှာကို အရမ်းကြောက်တတ်တဲ့ စာရေးသူဟာ သင်္ကြန်ရေမထိတာ ဆယ်စုနှစ်နှစ်ခုကျော်ရှိခဲ့ပါပြီ။ ဒီနှစ်တော့ လမ်းလျှောက်သင်္ကြန်ကို ရေပက်ခံထွက်ရင်း ယဉ်ကျေးစွာရေကစားပုံများကို အမှတ်တရဓါတ်ပုံများစွာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသို့အလည်လာတဲ့နိုင်ငံခြားသားဧည့်သည်များကို လမ်းလျှောက်သင်္ကြန်ဆီသို့ ဖိတ်ခေါ်ကာ မြန်မာတို့ရဲ့အတာရေသဘင်ပွဲတော်ဆင်နွှဲရခြင်းအကြောင်းမှာ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေနဲ့ပက်ဖြန်းသန့်စင်ဆေးကြောကာ နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ကြိုဆိုတာဖြစ်ကြောင်းကို ရှင်းပြပေးရာ မြန်မာတို့ရဲ့ချစ်စရာဓလေ့ကို မြတ်နိုးပြီး နောင်နှစ်လည်း သင်္ကြန်ပွဲတော်ကို အခြားဧည့်သည်များနဲ့အတူ မဖြစ်ဖြစ်အောင် လာရောက်ဆင်နွှဲမှာဖြစ်ကြောင်း ကြားသိရတဲ့အတွက် မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိပါတယ်။
အရင်အစိုးရလက်ထက်မှာမရှိခဲ့ဘူးတဲ့ ဖြစ်နိုင်မယ်မထင်ခဲ့ဘူးတဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပံ့ပိုးပေး၊ အကောင်အထည်ဖော်ဆောင်ပေးနေတာကို အခုအစိုးရသစ်လက်ထက်မှာ မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။ "စည်းကမ်းရှိမှတိုးတက်မည်"ဆိုတဲ့အတိုင်း မြို့တော်ကြီးသာယာစည်ပင်ဝပြောစေဖို့ အားလုံးတက်ညီလက်ညီဝိုင်းဝန်းဖေးမစောင့်ရှောက်ပြီး စည်းကမ်းသေသပ်စွာနဲ့ သန့်ရှင်းလှပတဲ့မြို့တော်အဂါင်္ရပ်နဲ့အညီဖြစ်စေဖို့ နိုင်ငံသားတိုင်း အင်တိုက်အားတိုက်ပူးပေါင်းပါဝင်စောင့်ထိန်းလိုက်နာကြပါစို့လား။
======================================================
No comments:
Post a Comment