Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Saturday, October 17, 2015

Cyber Crime (သို့) အွန်လိုင်းပြစ်မှု


ယနေ့နည်းပညာတိုးတက်တဲ့ခေတ်ကြီးမှာ အွန်လိုင်းပြစ်မှုများ နေရာအနှံ့လျင်မြန်စွာ ဖြစ်ပျက်လျက်ရှိပါတယ်။ အပြင်မှာ မြင်ဖူးသိဖူးခြင်းမရှိ အမည်အတိအကျမသိဘဲ အင်တာနက်ကနေ မိတ်ဖွဲ့ပြီး  နည်းလမ်းအသွယ်သွယ်နဲ့ ချဉ်းကပ်ကာ ပြစ်မှုကျူးလွန်တတ်ကြပါတယ်။ 

Tuesday, March 29, 2011

ဆက်သွယ်ရေးနည်းပညာ ဘယ်လောက်အရေးပါတယ်ဆိုတာ။

ဆက်သွယ်ရေးနည်းပညာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးနဲ့ ဥပမာပြချင်တယ်။ တနေ့မှာ မောင်လေးက သူ့အလုပ်ကနေ သူ့ကျောင်းရဲ့ အဆိုင်းမန့်နဲ့ပတ်သက်တဲ့ဖိုင်ကို သူ့ဆီအီးမေးလ်နဲ့ပို့ပေးဖို့ ဖုန်းဆက်လာပါတယ်။ ကျွန်မလည်း ကွန်ပျူတာဖွင့်ပြီး ပို့ပေးမယ်လုပ်တော့ အင်တာနက်ကွန်နက်ရှင်မရတာကို တွေ့ရတယ်။ ဒါနဲ့ ကြိုးချောင်တာလား ပလက်မမိတာလား လျှောက်ကလိကြည့်တယ်။ မရပါဘူး။ ဒီတော့ မောင်လေးက ဘယ်လိုလုပ်မလဲ။ ဒီနေ့နောက်ဆုံးကျောင်းကို မတင်နိုင်ရင် စာမေးပွဲကျမှာဆိုပြီး သူ့ရဲ့လက်ပ်တော့ကို သူအလုပ်ကနေဆင်းရင် သူ့ကျောင်းကို လာပို့ခိုင်းတယ်။ ဒါနဲ့ ကျွန်မလည်း လက်ပ်တော့ကို မြန်မြန်အိတ်ထဲကောက်ထည့်ပြီး အပြေးအလွှားသွားပို့ပါတယ်။

MRTလည်းရောက်ရော သူ့ကျောင်းကို မရှာတတ်တာနဲ့ ကျွန်မမက်ဆေ့ပို့လိုက်ပါတယ်။ ကျွန်မဖုန်းကတ်က ကုန်ခါနီးဆိုတော့ မက်ဆေ့သာပို့လို့ရပါတယ်။ အပြန်အလှန်မက်ဆေ့ပို့နေတာနဲ့တင် အချိန်လင့်နေပါတယ်။ ၁၀မိနစ်ကျော်ကြာမှ လူချင်းရှာတွေ့တော့တယ်။ ဒါနဲ့ သူလည်း လက်ပ်တော့အိတ်ကို ပြေးဆွဲပြီး တဟုန်ထိုးကျောင်းကို ပြေးသွားပါတယ်။ သူလည်း ကျွန်မသူ့ကျောင်းကို တခါရောက်ဘူးလို့ မှတ်မိတယ်ထင်ပြီး ဘာစကားမှပြောမသွားခဲ့ဘူး။ ကျွန်မလည်း မှတ်မိသလောက် ရမ်းစမ်းပြီး လိုက်ခဲ့ပေမဲ့ ည၈နာရီလောက်ဆိုတော့ ဘယ်မှတ်မိတော့မှာလဲ။ လမ်းမှားသွားပါတယ်။ ဒါနဲ့ ကျွန်မMRTပဲ ပြန်သွားခဲ့ပါတယ်။

ကျွန်မရဲ့ပိုက်ဆံအိတ်နဲ့ရထားစီးမယ့်ကတ်က သူ့ရဲ့လက်ပ်တော့အိတ်ထဲ ပါသွားတာကို သတိရပြီး ခေါင်းမီးတောက်ခဲ့ရတယ်။ သူ့ဆီ မက်ဆေ့အတန်တန်ပို့တော့လည်း အကြောင်းမပြန်။ အိမ်က သူ့သူငယ်ချင်းဆီကို သူအိမ်ပြန်ရောက်မရောက် မေးကြည့်တော့လည်း မရောက်ဘူးတဲ့။ ဘယ်နှယ့်လုပ်ရမလဲ။ ကျွန်မစိတ်ညစ်လွန်းလို့ ငိုချင်လာမိတယ်။ ရထားဝန်ထမ်းတွေကလည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့။ သူတို့ဆီ အကူအညီတောင်းချင်ပေမယ့် ရှင်းပြရမှာရှည်လွန်းတဲ့အတွက် စိတ်ရှည်ရှည်နဲ့ သီးခံစောင့်နေပါတယ်။

ဒီလိုနဲ့ ၁နာရီကျော်တာကြာသွားတယ်။ မောင်လေးထံမှ ဘာအဆက်အသွယ်မှ မရခဲ့ဘူး။ ကျွန်မမှာ ဗိုက်ကလဲဆာ၊ ပိုက်ဆံလဲမရှိ။ ရထားစီးဖို့ကတ်လဲမရှိ။ ဖုန်းကလည်း မက်ဆေ့ပဲပို့ရတာဆိုတော့ ဒီရထားဘူတာစည်းဝိုင်းထဲမှာပဲ လူးလားခေါက်ပြန် လမ်းလျှောက်ရင်း အရမ်းကို စိတ်ဒုက္ခရောက်ခဲ့ပါတယ်။ နောက်ဆုံးတော့ ရထားလုံခြုံရေးဝန်ထမ်းကို အကူအညီတောင်းပြီး သူ့ဆီကို ဖုန်းဆက်ကြည့်တော့လဲ သူမကိုင်ဘူး။ ဒါနဲ့ Voice Messageနဲ့ နင့်အစ်မဘူတာမှာစောင့်နေကြောင်း ပြောပေးရှာပါတယ်။ သူတို့ကိုကျောင်းလိပ်စာမေးတော့လည်း မသိဘူးတဲ့။

ဒီလိုနဲ့ပဲ ဘုရားဆုတောင်းပြီး စိတ်ရှည်ရှည်နဲ့စောင့်နေပါတယ်။ အဆိုင်းမန့်ပေးရုံလေးပဲ ထင်တာကိုး။ ကျောင်းပါတက်နေလို့ ခေါ်မရခဲ့တာကိုး။ အိမ်ကသူ့သူငယ်ချင်းကလည်း သူ့ကိုအဆက်မပြတ်ခေါ်ပေးတော့ သူကသိသွားပြီး မကြာမီကျွန်မဆီလာမယ်လို့ ပြောပါတယ်။ ည၁၀နာရီလောက်ကျမှ သူဘူတာရောက်မယ်လို့ မက်ဆေ့ပို့လာပါတယ်။

ကျွန်မလည်း ဝမ်းသာအားရနဲ့ ရထားဝန်ထမ်းကို မောင်လေးဆက်သွယ်လာပြီ၊ ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။ ခဏနေတော့ မောင်လေးရောက်လာပြီး သူတို့ကို လက်ပြနှုတ်ဆက်ကာ ဘူတာကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကနေပြီး ဆက်သွယ်ရေးနည်းပညာဟာ လူတွေရဲ့ဘဝအတွက် ဘယ်လောက်အရေးပါ၊ အဆင်ပြေမြန်ဆန်အသုံးဝင်ကြောင်း လက်တွေ့ခံစားသိရှိပြီး အဆိုပါနည်းပညာများကို တီထွင်ဖန်တီးပေးခဲ့တဲ့ ပညာရှင်ဂုရုကြီးများကို စိတ်ထဲအခါခါ လေးစားကျေးဇူးဥပကာရတင်မိပါကြောင်း။

Wednesday, March 23, 2011

အင်တာနက်ကောင်းကျိုးနဲ့ဆိုးကျိုး

ယနေ့ခေတ်မှာ အင်တာနက်က မရှိမဖြစ်အရေးပါတဲ့ အစွမ်းထက်ဆုံး ဆက်သွယ်ရေးကွန်ယက်၁ခုဖြစ်ပြီး ကမ္ဘာအနှံ့သုံးစွဲနေကြပါတယ်။ ယနေ့ကမ္ဘာတဝှမ်း ဖြစ်ပျက်နေတဲ့သတင်းအချက်အလက်များ၊ ဖျော်ဖြေရေး၊ နည်းပညာနဲ့ အခြားဝန်ဆောင်မှုများစွာကို ပေးစွမ်းနိုင်တဲ့ စွမ်းအားရှင်၁ပါးလည်း ဖြစ်ပါတယ်။

သင်သိချင်တဲ့ ဘယ်အကြောင်းအရာကိုမဆို web browserမှာ သင်ရှာဖွေမယ့်အရာကို Key boardပေါ် ရိုက်ထည့်ပြီး Enterနှိပ်လိုက်ရုံနဲ့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေတိုးပွားလိုရင် Chat Roomsထဲကို ဝင်ပြီးရှာလို့ရပါတယ်။ တချို့က အင်တာနက်ဟာ သူငယ်ချင်းနဲ့ မိသားစုအကြား ဆက်ဆံခင်မင်ရင်းနှီးမှု အားရဖွယ်မရှိကြောင်း ပြောကြပါတယ်။ အထူးသဖြင့် အချင်းချင်းမိတ်ဖွဲ့ကြမယ်ဆိုပါစို့။ အွန်လိုင်းကနေသိတာနဲ့ လူချင်းအပြင်မှာရင်းနှီးတာ မတူပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့အကြောင်းကို သူပြောတဲ့အကြောင်းအရာပေါ် အခြေခံပြီး ထင်မြင်ကောက်ချက်ယုံကြည်မိနိုင်ပါတယ်။ အမှန်တကယ်မှာတော့ သူရဲ့အကြောင်း ခရေစေ့တွင်းကျ မသိနိုင်ပါဘူး။

ပိုဆိုးတာက အမျိုးသားနဲ့အမျိုးသမီးကြား အပြင်မှာ မမြင်ဘူးကြဘဲ အွန်လိုင်းကနေတဆင့် သိကျွမ်းပြီး သူတို့ရဲ့အကြောင်း၊ ပုံသဏ္ဍာန်နဲ့ အသက်အရွယ်များကို လိမ်ညာလုပ်ဇာတ်ခင်းပြီး ဇာတ်လမ်းထွင်ကြပါတယ်။ ဒါတွေကိုမသိဘဲ အဟုတ်ထင်ပြီး အထင်ကြီးကာ အချိန်တိုအတွင်း ညားကွဲသွားကြတဲ့ သာဓကများစွာရှိပါတယ်။ ဒ့ါကြောင့် အွန်လိုင်းကနေ ချစ်သူမရှာကြပါနဲ့။

ဒါ့အပြင် အင်တာနက်ကနေ အပြင်ထွက်စရာမလိုပဲ ဈေးဝယ်ခြင်း၊ ပညာရပ်လေ့လာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ရှာဖွေခြင်း၊ ဘဏ်လုပ်ငန်းနဲ့ သတင်းအချက်အလက်များရှာဖွေစုဆောင်းခြင်း စသည်တို့ကို ကျွမ်းကျင်စွာအသုံးချတတ်လျှင် အချိန်ကုန်သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းလဲ ဖြစ်ပါတယ်။ ကိုယ်ရေးလိုတဲ့ အကြောင်းအရာများကို ကိုယ်ပိုင်ဘလော့၁ခုဖန်တီးပြီး ဗဟုသုတများကိုလည်း မျှဝေနိုင်ပါတယ်။ အီးမေးလ်မှတဆင့် ကိုယ်ပို့လို၊ ပြောလိုတဲ့အကြောင်းအရာများကို စာတိုက်သို့သွားစရာမလိုဘဲ စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

လူကဲ့သို့ပဲ ကွန်ပျူတာဟာ အင်တာနက်ကနေ ဒေါင်းလုပ်လိုက်တဲ့ Floppy Disksမှတဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာကို Virus Protection တပ်ဆင်ထားရပါမယ်။ ဒါ့အပြင် အင်တာနက်ကနေ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို အလွယ်တကူမခိုးယူနိုင်အောင် သီးသန့်လျှို့ဝှက်နံပါတ်နဲ့ လုံခြုံစွာထိန်းသိမ်းထားရပါမယ်။ ကလေးသူငယ်များကိုလည်း အင်တာနက်ကနေ စိတ်ဓါတ်ရေးရာပျက်ပြားစေတဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံကြည့်ခြင်း၊ ချက်တင်နဲ့ ဂိမ်းကစားခြင်းတို့ကို လူကြီးတို့က ထိန်းချုပ်ထားရပါမယ်။

သင်ဟာ အင်တာနက်နဲ့အလုပ်လုပ်သူမဟုတ်ရင်တော့ အချိန်နဲ့ ကန့်သတ်ပြီး အသုံးပြုရပါမယ်။ အင်တာနက်က သင့်ဘဝကို ထိန်းချုပ်သွားတာမျိုး မဖြစ်ပါစေနဲ့လို့ သတိပေးရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုကြပါလော့။