Saturday, October 3, 2015

စိတ်ကျန်းမာရေး


သင်စိတ်ဓါတ်ကျ၊ ပူဆွေးသောကနဲ့ လုံးချာရိုက်ဘူးပါသလား (သို့) သတိမေ့ဝေဒနာခံစားနေရတဲ့သူတွေကို သိမယ်ဆိုရင် အနားမှာအနီးကပ်ကူညီဖို့ လိုအပ်တယ်ဆိုတာ သိထားပါ။ စိတ်ရောဂါဝေဒနာ အစောပိုင်းလက္ခဏာများနဲ့ နည်းလမ်းများကို ထိန်းချုပ်စီမံနိုင်ဖို့ နားလည်မှတ်သားထားရပါမယ်။

စိတ်ဓါတ်ကျခြင်း (Depression)
တခါတလေ ဝမ်းနည်းမှု၊ စိတ်ဓါတ်ကျအားငယ်မှုကို ခဏတဖြုတ်လောက်ပဲ ခံစားရတယ်ဆိုတာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့ဝမ်းနည်းပူဆွေးမှုမျိုးဟာ ပုံမှန်ထက် ဥပမာ ရက်သတ္တပတ်ပေါင်းများစွာကြာရှည်ခံစားနေရမယ်ဆိုရင်တော့ သတိထားရတော့မှာ ဖြစ်ပါတယ်။ စိတ်ကျခြင်းဟာ အိုမင်းခြင်းရဲ့ သဘာဝအစိတ်အပိုင်းတခုမဟုတ်ပေမဲ့ ဖြစ်ရိုးဖြစ်စဉ်ပြ ဿ    နာတရပ်ဖြစ်ပြီး ဆေးဝါးအကူအညီ လိုအပ်ပါတယ်။ ဘဝမှာ ထူးခြားတဲ့ဖြစ်ရပ်များ (ဥပမာ- အငြိမ်းစားယူသောအခါ၊ ကိုယ်ချစ်ရတဲ့သူ ဆုံးရှုံးတဲ့အခါ (သို့) ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်း ပျက်ဆီးဆုံးရှုံးတဲ့အခါ) စသည့်ကိစ္စရပ်များနဲ့ ကြုံ တွေ့ရသောအခါ ဖြစ်တတ်ပါတယ်။ တခါတရံမှာ ဘာမှထူးခြားတဲ့ လှုံ့ဆော်မှုမရှိဘဲ အလိုလိုစိတ်ကျအားငယ်နေတတ်တာလဲ တွေ့ရပြန်ပါတယ်။ 

အကယ်၍ သင့်မှာအောက်ပါရောဂါလက္ခဏာများ တဝက်ထက်ပိုပြီး ခံစားနေရပြီဆိုရင် စိတ်ကျဝေဒနာခံစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၁။ ပူဆွေးဝမ်းနည်းခြင်းနဲ့ မကြာခဏမျက်ရည်ကျလွယ်ခြင်း
၂။အရေးမပါ၊ အသုံးမကျသလို ခံစားရခြင်း
၃။ရိုးရှင်းလွယ်ကူတဲ့အလုပ်ကိုတောင်မှ အားစိုက်ထုတ်လုပ်ရသလို အလွန်အမင်းမောပန်းခြင်း
၎။အိပ်မပျော်ခြင်း(သို့)အအိပ်လွန်ခြင်း
၅။အစားအသောက်ခံတွင်းတွေ့မှု သိသိသာသာလျော့ကျခြင်း(သို့)တိုးလာခြင်း
၆။အာရုံစူးစိုက်နိုင်အားလျော့နည်းခြင်း
၇။ဘဝမှာစိတ်ဝင်စားမှုနဲ့ပျော်ရွှင်စရာမရှိခြင်း
၈။ဘဝမှာနေဖို့မထိုက်တန်သလို မနေချင်သလိုဖြစ်ခြင်း (သို့) ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်များ ထပ်တလဲလဲဖြစ်ပေါ်တွေးတောနေခြင်း၊၊
လူအများစုက စိတ်ကျရောဂါကို အောင်မြင်စွာ ကုသနိုင်သောကြောင့် တိတ်တဆိတ်ကြိတ်မှိတ် ခံစားမနေဘဲ ဆရာဝန်နဲ့ စောစောပြသပါ။


ပူဆွေးသောကရောက်ခြင်း (Grief)
ကျန်းမာရေးမကောင်းခြင်း၊ ချစ်ရသောသူတယောက်ဆုံးရှုံးခြင်း၊ ရာထူးအဆင့်အတန်း (သို့) လုပ်ငန်းတာဝန်များဆုံးရှုံးရခြင်းအတွက် ပူဆွေးသောကရောက်နေရတယ်ဆိုတာကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ သဘာဝတုံ့ပြန်မှုတရပ်အနေနဲ့ အဲဒီလို ထူးထူးခြားခြားပြောင်းလဲပြီးနောက်ပိုင်း ဒီလိုဆုံးရှုံးမှုကြီးကို လက်ခံနိုင်ဖို့နဲ့ ဘဝနဲ့လိုက်လျောညီထွေမှုရှိအောင် ဖေးမကူညီရပါတယ်။ လူတိုင်းမှာ ပူဆွေးပုံချင်းက တယောက်နဲ့တယောက်မတူကြပါဘူး။ တခါတရံ သူတို့ဘဝရဲ့ စိတ်ခံစားမှု  ပုံမှန်အတိုင်း လိုက်လျောညီထွေမှု ပြန်ဖြစ်ဖို့ ၆လမှ ၁နှစ်အထိ ကြာတတ်ပါတယ်။ သို့သော်လည်း သင်ဟာ အခက်အခဲများကို ဖြေရှင်းဖို့ မစွမ်းဆောင်နိုင်ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်မဆောင်ရွက်နိုင်ဘူး ဖြစ်နေရင်တော့ စိုးရိမ်စရာပါပဲ။

သောကရောက်သောအခါမှာ  အောက်ပါဖြစ်ရပ်များ ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။
၁။ အလွန်အမင်းမောပန်းနွမ်းလျခြင်း
၂။ခံတွင်းပျက်၍ စားချင်သောက်ချင်စိတ်မရှိခြင်း
၃။မေ့လျော့တတ်ခြင်း (သို့) စိတ်ပါဝင်စားအာရုံစူးစိုက်မှု အားနည်းခြင်း
၎။ကောင်းကောင်းအိပ်မပျော်ခြင်း
၅။ဆုံးရှုံးမှုအတွက် ထပ်တလဲလဲယူကျုံးမရတွေးတောခြင်း
၆။ကိုယ်တိုင်စောင့်ရှောက်မှု လျစ်လျူ ရှုခြင်း (သပ်ရပ်သေသပ်စွာပြင်ဆင်မှုနဲ့ တကိုယ်ရေသန့်ရှင်းရေးအပါအဝင်)
၇။ပုံမှန်ဝတ္တရားများပျက်ကွက်ခြင်း (သို့) မိတ်ဆွေသူငယ်ချင်းများ၊ လူ့အသိုင်းအဝိုင်းများနဲ့ ကင်းကွာစွာနေခြင်း။

အထက်ပါအခြေအနေများမှ တခုခုကို အချိန်အတော်ကြာခံစားနေရတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးပြီးနောက် လအတန်ကြာ ပြင်းပြင်းထန်ထန်ပူဆွေးသောကရောက်နေပြီဆိုရင် သင်ဟာသောက ဗျာများဝေဒနာ ခံစားနေရပြီ ဖြစ်ပါတယ်။သာမန်ပူဆွေးမှုမျိုးဆိုရင်တော့ မိသားစုနဲ့သူငယ်ချင်းများက ဝိုင်းဝန်းကူညီပြီး နားလည်မှုနဲ့ ဖြေရှင်းလိုက်နိုင်ပေမဲ့ သောက ဗျာများ၊ ပူဆွေးလွန်ရောဂါဝေဒနာခံစားနေရရင်တော့ ဆရာဝန်(သို့) တတ်ကျွမ်းတဲ့သမားတော်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပြသပါ။


မှတ်ဥာဏ်ချွတ်ယွင်းခြင်း (Dementia)
အသက်အရွယ်ကြီးလာတာနဲ့အမျှ တချို့ ကိစ္စရပ်တွေ မေ့လျော့တတ်တာဟာ ပုံမှန်ဖြစ်စဉ်ပါပဲ။ သို့သော် ထူးခြားတဲ့ မှတ်ဥာဏ်ချွတ်ယွင်းခြင်း (သို့) တွေးတောဆင်ခြင်တုံတရားမရှိခြင်းကတော့ သာမန်အသက်ကြီးပိုင်းမှာ ဖြစ်လေ့ရှိတဲ့ မလွဲမသွေအစိတ်အပိုင်းတရပ်တော့ မဟုတ်ပါဘူး။ မှတ်ဥာဏ်ချွတ်ယွင်းမှုရောဂါဟာ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါဖြစ်ပြီး Alzheimerရောဂါနဲ့အဖြစ်များသလို အခြားအကြောင်းများစွာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာများကတော့
၁။ မှတ်ဥာဏ်အားတဖြည်းဖြည်းဆုတ်ယုတ်လာခြင်း
၂။နေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာရပ်များ မစွမ်းဆောင်နိုင်ခြင်း
၃။အတွေးအခေါ်၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရားကင်းမဲ့ခြင်း
၎။ ဆန်းသစ်သောအရာများကိုလေ့လာသင်ယူနိုင်ရန် ခက်ခဲခြင်း
၅။ဝေဖန်ပိုင်ခြားနိုင်စွမ်းနဲ့ စီမံခန့်ခွဲနိုင်မှု မရှိခြင်း
၆။လုပ်ရည်ကိုင်ရည်၊ စိတ်နေသဘောထား၊ အမူအကျင့်များပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်။

နေ့စဉ်ဘဝလုပ်ငန်းများနဲ့ ဝင်ရောက်စွက်ဖက်လွှမ်းမိုးလာတဲ့အခါ၊ အခြေအနေဒီထက်ပို၍ ဆိုးရွားလာတဲ့အခါမှာ အထက်ပါလက္ခဏာရပ်များ အမြဲလိုလိုဖြစ်ပေါ်လာတာကို သတိထားမိပါလိမ့်မယ်။ အထက်ပါလက္ခဏာများကို စောစောစီးစီးသိထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သတိမေ့လျော့တတ်ခြင်းကို သက်ကြီးပိုင်းသဘာဝဖြစ်စဉ်တရပ်အဖြစ် အရေးမပါဘူးဆိုပြီး မငြင်းပယ်သင့်ဘူး။ ဘာလို့လဲဆိုတော့ အသက်အရွယ်ကြီးတဲ့သူမှသာ ဒီရောဂါဖြစ်တတ်တာမဟုတ်တဲ့အတွက် ဆရာဝန်နဲ့ တတ်နိုင်သမျှ စောစောပြသပါ။ မိသားစုဝင်များလည်း ကူညီစောင်မဖို့လိုပြီး တိုင်တိုင်ပင်ပင်နဲ့ အတူဖြေရှင်းပြောင်းလဲသွားအောင် လုပ်ဖို့လိုပါတယ်။

စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအားလုံးဟာ ဆက်စပ်နေပါတယ်။ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်ကျန်းမာရေးကဲ့သို့ အရေးပါသလို ဆတူအာရုံစိုက်မှု ပြု ရပါမယ်။ အောင်မြင်သောအသက်ကြီးမှုဖြစ်စဉ်(Successful Ageing)ဆိုသည်မှာ သင့်ရဲ့လုပ်နိုင်ကိုင်နိုင်ရည်စွမ်းအားကို ချဲ့ထွင်ပြီး  အသက်ကြီးလာခြင်းဆိုတဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုကို လျှော့ချချုံ့ပစ်ခြင်းပဲ ဖြစ်တယ်။ ဘယ်တော့မှ အစပျိုးဖို့ နောက်ကျတယ်ဆိုတာမရှိပါဘူး။ သင့်ရဲ့ကျန်းမာရေးနဲ့ အသက်ရှည်စွာနေထိုင်ဖို့ လုပ်စရာအများကြီးရှိပါတယ်။ ဒါကြောင့် အသက်ကြီးလာတာနဲ့အမျှ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကစဉ်ကလျားဖြစ်မှုကို လျော့ကျအောင် လုပ်ပါ။

နည်းပညာတိုးတက်လာတဲ့ခေတ်မှာ လေ့လာသင်ယူစရာ စိတ်ရှုပ်စရာ အသစ်အဆန်းကိစ္စရပ်များနဲ့ ကြုံ လာတဲ့အခါ တည်တည်ငြိမ်ငြိမ် ထက်ထက်မြက်မြက်နဲ့ အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကြပါစေ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ အတွေးအခေါ်အသစ်များကို သဘောထားကြီးကြီးနဲ့ လက်ခံပေးပါ။ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း  ပျော်ရွှင်စွာနေထိုင်ပြီး လိုက်နာကျင့်သုံးကြပါစို့။




No comments: