Sunday, November 15, 2015

စင်ကာပူအိမ်အကူတို့ရဲ့ ဖြစ်ရပ်မှန်


စင်ကာပူနိုင်ငံရဲ့ အိမ်အကူများဟာ  ပထမအလုပ်စဝင်ဝင်ချင်းဖြစ်ပါက တီဘီ၊ အိပ်ခ်ျအိုင်ဗွီ၊ ကာလသားရောဂါနဲ့  ငှက်ဖျားရောဂါ(tuberculosis, HIV, syphilis and malaria)ရှိမရှိ စစ်ဆေးရပါတယ်။ ပြီးရင် ကိုယ်ဝန်ရှိမရှိ၊ ကာလသား၊ တီဘီ (သို့) HIV ကျန်းမာရေးဆေးစစ်ချက်များကို ၆လတခါပုံမှန်ပြု လုပ်ရပါတယ်။ ကိုယ်ဝန်ရှိကြောင်း တွေ့ရှိပါက ချက်ချင်းအလုပ်ထွက်ခိုင်းပြီး နေရပ်တိုင်းပြည်သို့ ပြန်ပို့ပါတယ်။ ဒါကြောင့် အင်ဒိုအိမ်ဖော်အချို့က တားဆေးတွေထိုးထားကြောင်း သိရပါတယ်။
အိမ်အကူများကို စင်ကာပူအစိုးရက တလတရက်နားဖို့ တရားဝင်ခွင့်ပြု ထားပါတယ်။ ဒါပေမယ့် တချို့အိမ်အကူများက နားရက်မယူသောကြောင့် အိမ်ရှင်က အဲဒီတရက်စာအတွက် ပိုက်ဆံပေးရပါတယ်။ တချို့ဖိလစ်ပိုင်အိမ်ဖော်မတွေက အပြင်ထွက်ပြီး ကုလားတွေနဲ့ ခြေရှုပ်လာ၊ ကလေးတွေဖျက်ချ၊ ဆရာဝန်ကို အိမ်ရှင်အား မပြောဖို့ ခွင့်တောင်း အော်စုံလို့ပါပဲ။ အိမ်ရှင်အဖွားကြီးက ဆေးခန်းကိုအတူလိုက်လာပြီး ဘာဖြစ်တာလဲမေးတော့ ဗိုက်အောင့်တာလေလို့ အတည်ပေါက်နဲ့ အဖွားအိုကို ဖီးဖြန်း။ ဒါကြောင့် စလုံးအိမ်ရှင်တယောက်က မြန်မာမိတ်တွေက အင်္ဂလိပ်စကားပြောအခက်အခဲကလွဲပြီး ဒါမျိုးအရှုပ်အရှင်းတွေကင်းတော့ စိတ်အေးရတယ်လို့ ပြောပါတယ်။

တချို့ မြန်မာအိမ်ဖော်မလေးများမှာ တက္ကသိုလ်ကျောင်းသူလေးတွေဖြစ်ပြီး ပိုက်ဆံမတတ်နိုင်လို့ ပညာတပိုင်းတစနဲ့ ဘွဲ့မရဘဲ ဒီကိုလာပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်အလုပ်လုပ်နေရပါတယ်။  တိုင်းရင်းသူလေးတွေ တော်တော်များများကို တွေ့ရပါတယ်။ တချို့ ကရင်မလေးတွေက သူတို့စကား ဟော်ကင်းနဲ့ တရုတ်စကားပါပြောတတ်နားလည်နေပါတယ်။ ချင်းမလေးတယောက်ကဆိုရင် လုပ်တာနှစ်တော်တော်ကြာနေပါပြီ။ အခုထက်ထိ အေးဂျင့်က သူမလခတွေကို လစဉ်ဖြတ်လို့ အပြည့်မရဘူးလို့ သိရပါတယ်။ ဒါမဖြစ်နိုင်ဘူး သေချာမေးလို့ သူမကိုပြောတော့ ကျွန်မလည်း နားမလည်ဘူးတဲ့ သူတို့ပေးသလောက်ယူတာပဲတဲ့။ 

တနေ့မှာ ဆေးခန်းကို အိမ်ရှင်တူလေး၂၀ကျော်ကောင်လေးနဲ့အတူ မြန်မာအိမ်အကူချင်းတိုင်းရင်းသူမလေး လက်စလွယ်တိုင်းပြီး ရောက်လာပါတယ်။ ထုံးစံအတိုင်း မြန်မာတွေအတွက် စကားပြန်လိုရင် ကျွန်မက ဘာသာပြန်လုပ်ရပါတယ်။ သူမဘယ်ဘက်လက် မလှုပ်ရှားနိုင်ဖြစ်ရတဲ့အကြောင်းရင်းရာဇဝင်ကို စုံစမ်းစစ်ဆေးမှု ပြုပါတယ်။ အိမ်ရှင်က မနေ့ညက သူမကို ရိုက်နှက်ကန်ကျောက်လို့ ရတဲ့ ဒဏ်ရာဖြစ်ကြောင်း ပြောပါတယ်။ သူမလဲ အင်္ဂလိပ်စကားကို အတော်အသင့်ပြောနိုင်ပါတယ်။ တကိုယ်လုံးကို စစ်ဆေးပြီး ဒဏ်ရာတွေ ရှာပါတယ်။ အညိုအမည်းစွဲတာတွေကိုတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ဘယ်ဘက်တံတောင်ဆစ်က အောင့်နေပြီး တော်တော်နာနေလို့ ကောင်းကောင်းမမြှောက်နိုင်ပါဘူး။ 

ဆရာဝန်ကဖြစ်ကြောင်းကုန်စင်ကို ကျွန်မကတဆင့်မေးမြန်း ပြောပြခိုင်းပါတယ်။အခင်းဖြစ်ပွားတဲ့ညနေမှာ သူမသူငယ်ချင်းဆီက ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုပါတယ်။ သူမကမခေါ်နဲ့ လကုန်တဲ့အခါ အပြင်မှာတွေ့ရအောင်လို့ ပြောပါတယ်။ အိမ်ရှင်ယောက်ျးက ဖုန်းကိုသိမ်းလိုက်ပြီး မက်ဆေ့ကိုလည်း အကြိမ်ကြိမ်ပို့ပြန်တဲ့အတွက် သူမဟန်းဖုန်းကို လွှင့်ပစ်လိုက်ပါတယ်။ ပြီးတော့ ပါးကိုလည်း ဘယ်ပြန်ညာပြန်ရိုက်ကာ ခြေထောက်နဲ့လည်း လက်ကိုတက်နင်းပါတယ်လို့ ပါးပေါ်ကို မျက်ရည်စီးကျလာပြီး ပြောပါတယ်။ အခင်းဖြစ်တဲ့နေ့မှာ မျက်မြင်သက်သေရှိလားမေးတော့ သူများအကူအညီပါမှ လှုပ်ရှားနိုင်တဲ့ အိမ်ရှင်အဖွားအိုက သူတို့ရဲ့အသံကိုကြားတော့ သူမအခန်းထဲကနေ ထွက်မလာနိုင်သောကြောင့် Stop! Stop!လို့သာအော်ပြီး သူမလဲ ဘာမှမတတ်နိုင်ပါဘူးတဲ့။ အိမ်ရှင်ယောက်ျားက ဘာအလုပ်အကိုင်မှ မရှိပါဘူး။ မိန်းမက မနက်၇နာရီဆို အလုပ်သွားပြီး ညမိုးချု ပ်မှပြန်ရောက်ပါတယ်။ အဲဒီညက သူ့မိန်းမလဲ အနားမှာမရှိပါဘူးတဲ့။ 

အဲဒါနဲ့ဆရာဝန်က ကျွန်မကို မေးခိုင်းပါတယ်။ သူမကို အဲဒီလူက သူ့မိန်းမမရှိတုန်း ကိုင်တာပြုတာ၊ ဗလက္ကာယပြု တာတွေရှိလားဆိုတော့ နှုတ်အားဖြင့် စော်ကားမော်ကားပြုတာတွေရှိပြီး ကိုင်ခြင်းပြုခြင်းတော့ မရှိပါဘူးတဲ့။ သူမအရင်က ဖိလစ်ပိုင်မလေးကတော့ ဘာမှပြန်မပြောဘဲ သူမကဆတ်ဆတ်ထိမခံကြောင်း၊ သူမက ဆက်မလုပ်ချင်တော့လို့ အလုပ်ထွက်မယ်ပြောတော့ Waitဆိုပြီး စောင့်ခိုင်းပါတယ်တဲ့။ သူမက စင်ကာပူရောက်တာ၂နှစ်ရှိပြီ။ တခြားအလုပ်မှာ၁နှစ်ခွဲလုပ်ပြီး Transferနဲ့ ဒီအိမ်မှာ ၇လသာရှိသေးကြောင်း မေးမြန်းသိရှိရပါတယ်။ ဒါနဲ့ ဆရာဝန်က သူမနဲ့အတူပါလာတဲ့ အိမ်ရှင်တူလေးကို အခန်းထဲဝင်ခိုင်းပြီး ဒီဖြစ်စဉ်ဟာ ညင်းပန်းနှိပ်စက်မှုနဲ့ ရာဇဝတ်မှုမြောက်တယ်။ ဒီတော့ ခင်ဗျားသဘောထားကရော ခင်ဗျားဦးလေးရဲ့ လုပ်ရပ်အပေါ်ကို ဘယ်လိုသဘောရပါသလဲလို့ ပြောတော့ မစဉ်းစားဘဲ အမှုဖွင့်ပါမယ်တဲ့။ ဒါဆိုရင် ခင်ဗျားကသက်သေအဖြစ်နဲ့ ရုံးချိန်းတွေကို အချိန်ပေးပြီး လိုက်ရမှာနော်လို့ပြောတော့ ကိစ္စမရှိဘူးတဲ့။ သူနဲ့ သူ့ရည်စားကောင်မလေးနဲ့က သက်သေအဖြစ်လိုက်ပေးပါမယ်။ ခံရတဲ့သူ မှန်တဲ့ဘက်က ရပ်တည်ပေးရမှာပေါ့တဲ့။ ကျွန်မမျက်လုံးတောင် ပြူးသွားပါတယ်။ 

အရေးကြီးရင်သွေးနီးရမယ်ဆိုတဲ့ စကားပုံတောင်ရှိပါတယ်။ ကိုယ့်ဆွေမျိုး၊ကိုယ့်လူမျိုးဘက်က မှားခဲ့ရင်တောင် သူစိမ်းဘက်ကို ရပ်တည်ပေးတဲ့ သူရဲ့သဘောထားပြည့်ဝမှု၊ လူသားချင်းစာနာထောက်ထားမှုကို ကျွန်မရင်ထဲကျိတ်ပြီး ချီးကျူးမိပါတယ်။ ဒါနဲ့ဆရာဝန်က ပြင်ပဒဏ်ရာကြီးကြီးမားမားတော့မတွေ့ရဘူး။ ဒါပေမယ့် အတွင်းဒဏ်ရာအသေးစိတ်သိရအောင်  ဓါတ်မှန်ရိုက်ကြည့်ဖို့ ဆေးစစ်ချက်ရေးပေးကာ အရေးပေါ်ဌာန(Accident & Emergency Department)ကိုသွားခိုင်းပြီး အမှုဖွင့်ခိုင်းပါတယ်။ လိုအပ်ရင် သူမကို လူမှုရေးစောင့်ရှောက်မှုဌာနမှာ ခေတ္တထိန်းသိမ်းထားပြီး အိမ်အလုပ်ကို ကူညီနိုင်မှာမဟုတ်ကြောင်း ဆရာဝန်က အိမ်ရှင်တူလေးကို ရှင်းပြပါတယ်။ အိမ်ရှင်တူလေးက နားလည်ပါတယ်။ အခုလိုအချိန်ယူပြီး ကူညီအကြံပေးတဲ့အတွက် ဆရာဝန်ကိုကျေးဇူးတင်ကြောင်း ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီး ပြန်သွားပါတယ်။ ကောင်မလေးကံကောင်းပါတယ်။ သူမဘက်ကို ရပ်တည်ပေးတဲ့လူမှန်နဲ့တွေ့ရပြီး သူမပြဿ     နာမြန်မြန်ပြေလည်ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

ဒါကြောင့် ကျွန်မတို့နိုင်ငံလည်း များမကြာမီမှာ လွတ်လပ်တရားမျှတတဲ့ ခေတ်မီတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံကို အမှန်အကန် ဖော်ဆောင်နိုင်ဖို့ လူမျိုးဘာသာမခွဲခြားဘဲ  စည်းစည်းလုံးလုံးနဲ့  နိုင်ငံကြီးသားပီသစွာစိတ်ဓါတ်လေးတွေ ပြု ပြင်ပြီး  တန်းတူရည်တူအတူတကွ ပူးပေါင်းအကောင်အထည်ဖော်လိုက်ကြရအောင်။

No comments: