Saturday, October 17, 2015

Cyber Crime (သို့) အွန်လိုင်းပြစ်မှု


ယနေ့နည်းပညာတိုးတက်တဲ့ခေတ်ကြီးမှာ အွန်လိုင်းပြစ်မှုများ နေရာအနှံ့လျင်မြန်စွာ ဖြစ်ပျက်လျက်ရှိပါတယ်။ အပြင်မှာ မြင်ဖူးသိဖူးခြင်းမရှိ အမည်အတိအကျမသိဘဲ အင်တာနက်ကနေ မိတ်ဖွဲ့ပြီး  နည်းလမ်းအသွယ်သွယ်နဲ့ ချဉ်းကပ်ကာ ပြစ်မှုကျူးလွန်တတ်ကြပါတယ်။ 
အဆိုပါပြစ်မှုကို နယ်ပယ်အလိုက် အပိုင်း၃ပိုင်း ခွဲခြားထားပါတယ်။
၁။ ကွန်ပျူ တာ Hardware & Software ကနေပြီး အင်တာနက်ကွန်ယက်ဖြင့် အလားတူစက်ကိရိယာများနဲ့ ချိတ်ဆက်ကာ အကောင့်ပိုင်ရှင်မသိအောင် သူတို့ရဲ့ အချက်အလက်၊ လျှို့ဝှက်ချက်များကို ခိုးယူဖောက်ထွင်းတိုက်ခိုက်ခြင်း၊
၂။ ငွေကြေးဆိုင်ရာပြစ်မှုများနဲ့ ငွေညစ်ခြင်း (ဥပမာ-အွန်လိုင်းကနေ ပုဂ္ဂိုလ်ရေးရာသတင်းအချက်အလက်များကို chat rooms, Facebook , emailနဲ့ message boardsကနေ ခိုးယူပြီး Usernames, passwords, credit cardsအသေးစိတ်များကို ဖောက်ထွင်းသိရှိကာ မိမိအကောင့်ကို hack ဟက်ခြင်း)
၃။ လိင်ပိုင်းဆိုင်ရာများကို ရုပ်ရှင်၊မဂ္ဂဇင်းနဲ့ အခြားမီဒီယာများကနေတဆင့် ကြော်ငြာများဖြင့် အထူးသဖြင့် ကလေးငယ်များကို အတုယူမှားအောင် ပြစ်မှုကျူးလွန်အောင် သွေးဆောင်ဖြားယောင်းခြင်းတို့ ဖြစ်ပါတယ်။

ကျွန်မရဲ့ လက်ရှိအဖြစ်အပျက်ကို မျှဝေပေးချင်ပါတယ်။ ကျွန်မရဲ့ gmail account အဟက်ခံရပါတယ်။ ကျွန်မemailရဲ့ profile ပုံရော တပုံစံထဲ တင်ထားပါတယ်။ ကျွန်မအဲဒီမဟက်ခံရတဲ့ အချိန်မတိုင်ခင်က မြန်မာပြည်ခဏပြန်သွားပါတယ်။ ဒါကြောင့် ကျွန်မကိုအရေးတကြီး email ပို့မယ့်လူနာတွေကို သိရအောင် ဘယ်ရက်ကနေဘယ်ရက်ထိ ခရီးသွားနေပါတယ်။ မေးလ်မစစ်နိုင်ကြောင်း Auto message ကိုsetထားပါတယ်။ ဒါကို Hackerသမားက အခွင့်ကောင်းယူပြီး ကျွန်မအယောင်ဆောင်ကာ ကျွန်မရဲ့ Contact Listsထဲက လူတွေအားလုံးဆီကို ကျွန်မခရီးသွားနေပါတယ်။ အခုအရေးပေါ် ဆေးခွင့်ယူထားပြီး မကြာခင်ပြန်လာပါမယ်။ သင့်ဆီက အကူအညီအရေးပေါ်တောင်းခံချင်ပါတယ်။ အရမ်းအရေးကြီးပါတယ်။ သင့်ဆီက တုံ့ပြန်မှုကိုစောင့်နေပါမယ်။ ကျေးဇူးပါဆိုပြီး ကျွန်မရေးသလိုမျိုး အယောင်ဆောင်ပါတယ်။ ဒါကို လူနာတယောက်က သူ့emailကနေ ကျွန်မဆီကို ပြန်ပြီး ဆေးမှာပါတယ်။ ကျွန်မဆေးရုံတက်နေတာလားတဲ့။ ဒါနဲ့ ကျွန်မက ဒါကျွန်မပို့ထားတာမဟုတ်ပါဘူး။ ပို့တဲ့မေးလ်ကနေ မလေးရှားစံတော်ချိန်ကို မြင်ရတဲ့အတွက် ဟက်ကာသမားက မလေးရှားကမှန်းသိလိုက်ပါတယ်။ 

ကျွန်မက ပြန်ဖြေမယ်လုပ်တော့ အဲဒီemailကို ဖျက်လိုက်ပြီး မမြင်ရတော့ပါဘူး။ ကျွန်မပြန်သမျှမေးလ်တိုင်း သူ့ဆီကို အလိုလိုရောက်သွားအောင် ချိတ်ဆက်ထားပါတယ်။ သူပို့ထားတဲ့emailကို ဟက်ခံထားရမှန်းမသိတဲ့သူတွေက ဖုန်းနဲ့အီးမေးလ်နဲ့ မေးမြန်းဆက်သွယ်ကြပါတယ်။ အီးမေးလ်ကနေတဆင့် ပြန်ဆက်သွယ်တဲ့သူတွေဆီကို ပုံစံအမျိုးမျိုးနဲ့ ငွေညစ်ပါတော့တယ်။ "သင့်ကိုအခုလို ဒုက္ခပေးရတာကို အားနာပါတယ်။ အစ်မဝမ်းကွဲကျောက်ကပ်ရောဂါနဲ့ အရေးပေါ်ဆေးရုံတက်နေရလို့ အခုအင်္ဂလန်ရောက်နေပါတယ်။ သူမကို စင်ကာပူပြန်ပြီး ကျောက်ကပ်အစားထိုးကုပေးဖို့ ပြန်ခေါ်လာချင်ပါတယ်။ သူမကိုပြု စုစောင့်ရှောက်ဖို့ ကျွန်မရဲ့ credit cardက အလုံအလောက်သုံးလို့မရတဲ့အကြောင်း၊ လောလောဆယ်မှာ ကျွန်မက ခရီးသွားနေရတဲ့အတွက် ပိုက်ဆံနဲနဲပဲပါကြောင်း ဒါကြောင့် ဒီမှာရှိတဲ့Billတွေကို ဖြေရှင်းဖို့ ကျွန်မကို ဒေါ်လာ၁၄၅၀ ကူညီပေးဖို့ တောင်းဆိုပါတယ်။ ပြန်ဆပ်ပါ့မယ်လို့ ဂတိပြုပါတယ်။ သင်ကူညီမယ်ဆိုရင် ငွေလွဲဖို့ အသေးစိတ်အချက်အလက်ကို ပြန်ပို့ပေးပါမယ်" ဆိုပြီး ငွေညစ်ပါတယ်။ ဒီပြန်စာရမှပဲ ကျွန်မမဟုတ်မှန်းသိပြီး အဟတ်ခံထိပြီဆိုတာ သိရပါတော့တယ်။ ကျွန်မလဲ မဖြစ်တော့ဘူး ကျွန်မမဟုတ်ကြောင်း၊ Replyပြန်မလုပ်ဖို့ ဖေ့ဘုတ်ကနေ အားလုံးသိအောင် ကြေငြာလိုက်ပါတယ်။ စိုးရိမ်ကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိတော့ပါ။ အကောင့်ကို သေချာပြန်စီစစ်ပြီး လုံခြုံ စိတ်ချအောင် ပြန်လုပ်ရပါတယ်။ 

နောက်တခုကတော့ သူငယ်ချင်းတယောက်က ပြောပြတဲ့ အသက်၆၀ကျော် မလေးရှားတရုတ်အမျိုးသမီးကြီးတယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် လတ်တလောဖြစ်စဉ်ပါ။ အွန်လိုင်းမိတ်ဆွေဖွဲ့ခြင်းကနေ စတဲ့ဇာတ်လမ်းဖြစ်ပါတယ်။  သူမကဖေ့ဘုတ်ပေါ်မှာ မိတ်ဆွေဖွဲ့ပြီး chatရတာ အလွန်ဝါသနာထုံပါတယ်။ အထူးသဖြင့် လူဖြူ အင်္ဂလိပ်လူမျိုးများနဲ့ မိတ်ဆွေဖြစ်လိုပြီး သူမရဲ့လှပတဲ့ပုံများကိုလည်း မရိုးရအောင်တင်လေ့ရှိပါတယ်။ ဇာတ်လမ်းက ဒီမှာတင်စပါတော့တယ်။ အင်္ဂလိပ်တရုတ်ကပြားတယောက်နဲ့ အွန်လိုင်းမှာသိကျွမ်းပြီးသူမဆီကို စတင်ချဉ်းကပ်ပါတော့တယ်။ သူက သဘောင်္သားတယောက်၊ သူ့မှာ ပိုက်ဆံဘီလီယံပေါင်းများစွာကို သဘောင်္ပေါ်မှာထိန်းသိမ်းထားရမှာ စိုးရိမ်အန္တရာယ်မကင်းဖြစ်မိတဲ့အတွက် အဆိုပါပိုက်ဆံသေတ္တာကို သူမရှိတဲ့နေရာစင်ကာပူနိုင်ငံသို့ လွဲပြီး သူ့ကိုယ်စားထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း၊ သူဆိပ်ကမ်းကပ်လို့ စင်ကာပူလာရင် သူမဆီလာတွေ့ပြီး အတူတူဖွင့်ကြမည်။ မလေးရှားကနေ တဆင့်လွဲရမှာဖြစ်၍ လက်ခံရမဲ့ပစ္စည်းက ပိုက်ဆံပမာဏအဆမတန်များတဲ့အတွက် ပိုက်ဆံနဲ့ရွေးရမှာ ဖြစ်လို့ ခေတ္တစိုက်စေလိုကြောင်း၊ သူပြန်လာတွေ့တဲ့အခါ အတိုးနှုန်းနဲ့ ပြန်ဆပ်ပါမယ်၊ ပိုက်ဆံထိန်းသိမ်းခအနေနဲ့လည်း နောက်ထပ်ပေးဦးမယ်ဆိုပြီး အကူအညီတောင်းပါတော့တယ်။ သူမက အလွယ်တကူနဲ့ တမဟုတ်ချင်းဟချလောင်း ပွပေါက်တိုးပြီဆိုပြီး ဝမ်းသာအားရလက်ခံလိုက်ပါတယ်။

မကြာမီ မလေးရှားအေးဂျင့်ဆီက ပိုက်ဆံစင်ကာပူဒေါ်လာ၅၀၀၀လွဲပေးဖို့ အကြောင်းကြားလာပါတယ်။ သူမက ဘဏ်အကောင့်ကတဆင့် လွဲပေးလိုက်ပါတယ်။ ဒုတိယမြောက်တခါ လူတယောက်နဲ့ချိန်းပြီးဒေါ်လာ၄၀၀၀၀ကျော် ထပ်တောင်းပြန်ပါတယ်။ သူမလဲ ဘယ်သူမှ မတိုင်ပင်ဘဲ အသာတကြည်သွားရောက်တွေ့ဆုံပြီး ထိုလူ့လက်ထဲအရောက် ထည့်ပေးလိုက်ပါတယ်။ တတိယအကြိမ် ထပ်တောင်းလာတဲ့အခါ သူမမှာရှိသမျှပိုက်ဆံအကုန်ပေးလိုက်ရတဲ့အတွက် ပေးစရာမရှိတော့ကြောင်း ပြောသောအခါ အဆိုပါလူဖြူက ဒါနောက်ဆုံးအကြိမ်ပါ။ နင်မကူညီရင် ငါ့ပိုက်ဆံထုတ်မရဖြစ်ပြီး နင်စိုက်ထားတဲ့ပိုက်ဆံတွေပါ ဆုံးမှာဆိုပြီး ပြောပါတယ်။ ဒီတခါ သူမကို လိမ်လည်လှည့်ဖြားနေပြီဆိုတာ သံသယရှိလာတဲ့အတွက် ရဲကိုတိုင်ပြီး အကူအညီတောင်းပါတော့တယ်။ ရဲက သူမကို ချိန်းဆိုတဲ့နေရာကို သွားတဲ့အခါ သူတို့အရပ်ဝတ်နဲ့ သူမအနားမှာ ရှိနေမှာဖြစ်ပြီး ကြောက်စရာမလိုကြောင်း၊ ပိုက်ဆံအစား စက္ကူ တွေကို စာအိတ်ထဲထည့်ကာ ဟန်မပျက်နေပြီး လက်ခံသူရဲ့  နာမည်မေး၊ မှတ်ပုံတင်တောင်းပါလို့ သင်ပေးလိုက်ပါတယ်။

ချိန်းဆိုတဲ့နေရာသို့ အိန္ဒိယကောင်လေးတယောက်ရောက်လာကာ ရဲတွေသင်ကြားပေးတဲ့အတိုင်း လုပ်ပြီး ကောင်လေးကို အလွယ်တကူလက်ရဖမ်းဆီးလိုက်နိုင်ပါတော့တယ်။ သူမပိုက်ဆံပြန်ရဖို့ဆိုတာတော့ မလွယ်ကူကြောင်း အတတ်နိုင်ဆုံးကြိုးစားကြည့်မယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီလူဖြူ က သူမကိုBlockလိုက်လို့ အခုဆက်သွယ်လို့ မရတော့ပါဘူး။ သူတို့လူဖမ်းမိသွားတာကို သိပုံရပါတယ်။ အခုရဲက သူမ ဖေ့ဘုတ်အကောင့်ရဲ့ username & password တောင်းပြီး သူတို့ရဲ့ ဆက်သွယ်ပြောဆိုမှု စကားအသွားအလာ(conversation)ကို စစ်ဆေးနေပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေ ရင်းနှီးပြီး အပြင်မှာလဲ မမြင်ဖူး၊ အသံလဲမကြားဖူး၊ ဓါတ်ပုံတွေကလည်း အစစ်အမှန်လားဆိုတာမသိတဲ့လူတွေကို အလွယ်တကူနဲ့ အညာလွယ်ပြီး မယုံမိစေဖို့ ၊ သူတို့ဆင်တဲ့ ထောင်ချောက်ကျော့ကွင်းထဲ အလွယ်တကူ မကျရောက်ဖို့ အထူးသတိပြုပါ။  နည်းပညာအစွမ်းနဲ့ လှည့်ဖြားကာ အဆိုပါအမျိုးသမီးကဲ့သို့ ခံရတဲ့သူတွေ ထုနဲ့ဒေးရှိနေဦးမှာပါပဲ။ အထူးသဖြင့် အမျိုးသမီးငယ်တွေလည်း မုဒိန်းကောင်တွေရဲ့ လိမ်ဆင်တဲ့အကွက်ထဲရောက်ပြီး ဘဝပျက်တဲ့သူရှိသလို၊ ဖိုတိုရှော့နဲ့နာမည်ဖျက်၊ ငွေညစ်ခြိမ်းခြောက်တာတွေလဲ ရှိနိုင်ပါတယ်။

အချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့ခေတ်ရေစီးကြောင်းထဲမှာ စီးပွားရေးလုပ်တတ်သူတွေအဖို့ သိန်းရာထောင်ချီတိုးပွားအောင်လုပ်နိုင်သလို မရဏသားကောင်တွေအဖို့ နည်းပညာအားကိုး၍ မသမာသောနည်းဖြင့် ငွေရှာဖို့ ပြစ်မှုကျူးလွန်ဖို့လည်း လွယ်ကူပါတယ်။ အွန်လိုင်းကနေလည်း ဗေဒင်အလကားဆိုပြီး သွားမစမ်းလိုက်ပါနဲ့။ ဘဏ်အကောင့်တောင်းပြီး ငွေတောင်းပါလိမ့်မယ်။ ဆိုင်ဘာဆိုင်မှာပဲဖြစ်ဖြစ်၊ လေဆိပ်တို့ အများသုံးအင်တာနက်ကဖေးဆိုင်တွေမှာပဲဖြစ်ဖြစ် သုံးပြီးသွားတဲ့အခါ သေချာlog out လုပ်ခဲ့ဖို့ မမေ့ပါနဲ့။ အွန်လိုင်းနည်းပညာကျွမ်းကျင်သူများက သူတို့ရဲ့ ပညာနဲ့ အချိန်တိုအတွင်း သူတို့ရဲ့လုပ်ငန်းများ လွယ်ကူချောမွေ့ပြီး အကျိုးအမြတ်တိုးပွားဖို့ အဖွဲ့အစည်းများဖွဲ့ကာ တရားမဝင် ခိုးမှု၊ အတုအယောင်ဆောင်မှု၊ လောင်းကစားခြင်း၊ ဆေးတုများရောင်းချခြင်းတို့ကို အွန်လိုင်းမှာတင်ကာ အကြီးအကျယ်ပြု လုပ်လျက်ရှိပါတယ်။ ဒါကြောင့် အွန်လိုင်းကတချို့ နာမည်မရှိတဲ့ ပစ္စည်းအသစ်၊ ဆေးအသစ်များကို မသေချာဘဲ စမ်းမဝယ်မိစေဖို့၊ မသိတဲ့ကုမ္ပဏီတွေဆီက ပစ္စည်းတွေဝယ်မိပြီး ပစ္စည်းမရတာတို့ ဘဏ်အကောင့်အခိုးခံရတတ်တာတို့ ဖြစ်တတ်ပါတယ်။

အရင်တုန်းက အွန်လိုင်းပြစ်မှုက တယောက်ချင်းစီ (သို့) လူနည်းစုတွေလောက်တာ ကျူးလွန်တတ်ကြပေမယ့် အခုခေတ်မှာ ဂိုဏ်းအဖွဲ့အစည်းကြီးကြီးဖြင့် ကမ္ဘာနဲ့အဝှမ်း မမျှော်လင့်ဘဲ ကျူးကျော်ဝင်ရောက်လာနိုင်တဲ့အတွက် သတိရှိရှိနဲ့ မိမိအကောင့်ကို လုံခြုံ စိတ်ချရအောင်ထိန်းသိမ်းပါ။ မမြင်ဖူးတဲ့လူတိုင်းကိုလည်း အလွယ်တကူ မယုံကြည်လိုက်ပါနဲ့။ ဒီနေရာမှာ ပရဟိတစိတ်ပွားမိရင်တော့ မိမိဘဝရေစုံမျှောပြီတာမှတ်လိုက်ပေတော့။


No comments: