Saturday, October 24, 2015

သင်မသိသေးတဲ့ နားကျန်းမာရေး


ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းမွန်တယ်ဆိုတဲ့အတိုင်း မိမိနားကို အစဉ်ဂရုစိုက်ပါ။
မိမိရဲ့နားကို သေချာဂရုစိုက်စွာ သန့်ရှင်းပါ။ 
နားအပြင်ဘက်ကို အစ(သို့) တစ်ရှူးနဲ့ သုတ်နိုင်ပါတယ်။ အတွင်းပိုင်းကိုတော့ နားဖာဂလော်တံသုံးပြီး နားအခေါင်းဝမှ နားဖာချေးကို ကလော်နိုင်ပါတယ်။ သိပ်နက်နက်ကြီး မကလော်မိဖို့ သတိထားပါ။ နောက်ပြီး နားလမ်းကြောင်းနဲ့ နားစည်ကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် မည်သည့်ချွန်တဲ့အရာမျိုးကိုမှ မသုံးမိပါစေနဲ့။ 

ဂွမ်းတံကိုမသုံးပါနဲ့။
မကြာခဏဂွမ်းတံသုံးပြီး နားကလော်ခြင်းဟာ နားလမ်းကြောင်းကို ကုတ်ခြစ်မိသလိုမျိုးဖြစ်စေတဲ့အတွက် ဘက်တီးရီးယားပိုးဝင်ရောက်လွယ်ပါတယ်။

နှလုံးကျန်းမာရေးလိုက်စားပါ။
နှလုံးအတွက်သာမက နားအတွက်ပါကောင်းမွန်စေတဲ့အားကစား ဥပမာ-လမ်းလျှောက်ခြင်း၊ ပြေးခြင်း (သို့) စက်ဘီးစီးခြင်းဟာ သွေးလည်ပတ်မှုက နားအထိရောက်အောင် စီးဆင်းကာ အကြားအာရုံကောင်းဖို့ အထောက်အကူပြုပါတယ်။ နေ့တဓူဝ ဆူညံလှုပ်ရှားရုန်းကန်နေရတဲ့ ပတ်ဝန်းကျင်မှ ခဏထွက်ခွာပြီး ပန်းခြံ(သို့) ပင်လယ်ကမ်းခြေလိုမျိုး အတတ်နိုင်ဆုံးတည်ငြိမ်အေးချမ်းတဲ့နေရာမှာ လေ့ကျင့်ခန်းလုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့။

ကဖင်းနဲ့ဆိုဒီယမ်စားသုံးမှုကို လျှော့ချပါ။
ကဖင်းနဲ့ဆိုဒီယမ်က အကြားအာရုံအတွက် ဆိုးကျိုးပြု စေတယ်ဆိုတဲ့အချက်ကို အံ့အားသင့်ကောင်း အံ့သြပါလိမ့်တယ်။ ကဖင်းဓါတ်က နားအထိသွေးစီးဆင်းမှုကို လျော့နည်းစေသလို ဆိုဒီယမ်က အရည်တွေကို ထိန်းသိန်းမှုအားကောင်းစေလို့ နားအတွင်းပိုင်းကို ရောင်ရမ်းစေပါတယ်။ ကော်ဖီသောက်ချင်ပါသေးသလား??? ကဖင်းဓါတ်ဖယ်ထားတဲ့ ကော်ဖီနဲ့လက်ဖက်ရည်ကို ပြောင်းသောက်ကြည့်ပါ။ ဆိုဒီယမ်လျော့စားဖို့ကိုလည်း သတိရဦးနော်။

သတ္တု ဓါတ်(Heavy Metals)များတဲ့ အစာများကို သတိရှိရှိစားပါ။
သတ္တု ဓါတ်များ(Mercury မာကျူ ရီနဲ့ Cadmium ကတ်ဒ်မီယမ်)ကိုရှောင်ပါ။ သူတို့တွေက အာရုံကြောများ အထူးသဖြင့် နားအတွင်းပိုင်းကို ထောက်ပံ့တဲ့ သေးငယ်တဲ့အာရုံကြောကို အဆိပ်ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က အဆိုပါသတ္တု ဓါတ်ကို ကောင်းကောင်းမဖယ်ရှားနိုင်တော့ အချိန်ကြာခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းတည်ဆောက်လာပါက  အန္တရာယ်ရှိနိုင်သလို နောက်ဆုံးမှာ အာရုံကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။ Mercury ဓါတ်များတဲ့ငါးများကတော့ (Swordfish, Tilefish & King Mackerel)တို့ဖြစ်ပါတယ်။ 

လုံလောက်တဲ့ ဗီတာမင်ဘီ၁၂ (Vit B12) နဲ့ ဖောလိတ်(Folate)ပမာဏကို သေသေချာချာစားသုံးပါ။
ဗီတာမင်ဘီ၁၂ (Vit B12) နဲ့ ဖောလိတ်(Folate)ပမာဏနည်းပါးရင် အသက်အရွယ်နဲ့ ဆက်စပ်တဲ့ နားအကြားချို့ ယွင်းမှုနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးအလုံအလောက်ပမာဏပါတဲ့ အစားအစာ(သို့) ဖြည့်စွက်ဆေးကို သေချာစွာ မှီဝဲသုံးစွဲသင့်ပါတယ်။

၆၀/၆၀ စည်းမျဉ်းကိုလိုက်နာပါ (Follow the 60/60 rule)
သီချင်းနားထောင်တဲ့အခါ စက်ရဲ့အကျယ်ဆုံးအသံနှုန်း ၆၀%ထက် မပိုဘဲ တကြိမ်ကို ၆၀မိနစ်ထက် ပိုမကြာအောင် နားထောင်ပါ။ 

နားကြပ်အစား headphonesကို သုံးမှ အသံနှုန်းနိမ့်နိမ့်နဲ့ ပို၍အသံအားကောင်းစေပါတယ်။ အသက်ရှူ လမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာ (နား၊မျက်စိ၊လည်ချောင်း)ရောဂါများကို လျင်မြန်စွာကုသပေးခြင်းဖြင့် နားရောဂါပိုးဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ရေချိုးပြီးတိုင်း နားကို ခြောက်အောင်သုတ်ပေးခြင်းဖြင့် နားရောဂါပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။ သင့်မှာနားပေါက်ရှိရင် အရက်ပျံဆွတ်ပြီး နားကပ်နားဆွဲနဲ့ နားရွက်ဖျားတွေကို သန့်စင်ပေးပါ။

သင်ဟာသူများပြောတဲ့စကားတွေကို နားထောင်ရတာ အခက်အခဲဖြစ်နေမယ်၊ဘာလဲပြန်ပြောပါဦး၊ ဆောရီး ခုနပြောတာမကြားလိုက်လို့ဆိုပြီး ခဏခဏအဲဒီလိုပြဿ     နာကြုံ တွေ့နေရပြီဆိုရင်တော့ အကြားအာရုံဆုံးရှုံးတဲ့ရောဂါရှိနိုင်တဲ့အတွက် နားဆရာဝန်နဲ့ အမြန်ဆုံးသွားပြပါ။ တချို့ လူတွေက ကြားရဲ့သားနဲ့ ဘာလဲ ဟင်ဟင်ဆိုတဲ့အကျင့်ပါနေသူတွေကိုတော့ မဆိုလိုပါဘူးနော် :-))))






2 comments:

kk said...

နားကသူများအသံတော့ကြားရတယါ ကိုယ့်အသံမကြားရဘူး နားထဲမှာပိတ်သလိုခံစားရတယ်ဘယ်လိုကြောင့်လဲမသိဘူး

San Yin Mon said...

ဆောရီး။ အခုမှတွေ့လို့နော်။ မျက်စိ၊နား၊နှာခေါင်းဆရာဝန်နဲ့ ပြကြည့်လိုက်နော်။ အခုရောသက်သွားပြီလားkk