Sunday, January 18, 2015

ကံအကြောင်း ဘဝမလှသော်လည်း ပျော်ပျော်နေတတ်သူ

ကျွန်မနဲ့ အတူအလုပ်လုပ်နေတဲ့ အချိန်ပိုင်း အလုပ်ဖော်စင်ကာပူမိန်းမတစ်ယောက်အကြာင်း သူမပြောပြမှပဲ သူမဘဝဟာ တော်တော်ကြေကွဲစရာကောင်းမှန်း သိရပါတယ်။ ဒါပေမဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမမှာ ဒီလိုသနားဖွယ်အဖြစ်မျိုးရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူမဟာ မွေးကတည်းက ကလေးထိန်းနာနီနဲ့ပဲ ကြီးပြင်းခဲ့ရပြီး မိဘဆိုတာကို မမြင်ခဲ့ဘူးပေ။ ကလေးထိန်းကပဲ သူမကိုထိန်းကျောင်းကျွေးမွေးစောင့်ရှောက်ခဲ့ပြီး မျိုးရိုးအမည်ကိုလည်း ကလေးထိန်းမျိုးရိုးနာမည်ခံခဲ့ပါတယ်။ သူမမှာလည်း အိမ်ထောင်ရေးကံခေလှပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး သမီး၂ယောက်ထွန်းကားခဲ့ပါတယ်။ သူမမှာ မူးယစ်ဆေးဝါးမှုဖြင့်ထောင်ကျကာ  ထောင်မှထွက်လာသောအခါ ယောက်ျားမှာ နောက်အိမ်ထောင်ပြုသွားပါတယ်။ သမီး၂ယောက်ကိုတော့ သူမနဲ့နေစေပါတယ်။ သမီး၂ယောက်မှာ အပျိုဘော်ဝင်ခါစအရွယ် လှသွေးကြွယ်စအရွယ်တွေပေါ့။ 

ဒါနဲ့ သူမလည်း တပင်လဲမူ တပင်ထူလိုက်ပြန်တယ်။ ဒုတိယလင်နဲ့ သား၂ယောက်သမီး၁ယောက်ထွန်းကားခဲ့ပါတယ်။ ဒုတိယယောက်ျားမှာ သူမအလုပ်သွားနေတုန်း သူမလင်ပါသမီးကြီးနဲ့ငြိစွန်းနေကြပါတယ်။ နိုက်ကလပ်ကို အတူတက်ကြပါတယ်။ တနေ့မှာ သူမအလုပ်ကနေစောပြန်လာတုန်း သူမသမီးကြီးနဲ့ သူမလင်ငယ်နဲ့အတူ အိပ်ရာထဲမှာ ချစ်ရည်လူးနေတာကို လက်ပူးလက်ုကြပ်မိသွားပါတော့တယ်။ သူမဘယ်လိုမှ အတူနေလို့မရတောမှန်းသိလို့ သမီးကြီးကို အိမ်ကနေခွဲနေကြဖို့ပြောပေမယ့် သမီးဖြစ်သူက ဖထွေးနဲ့ မခွဲနိုင်ပါဘူးဆိုတော့ အမေဖြစ်သူမှာ လင်ငယ်နဲ့ထားခဲ့ကာ သူမတကိုယ်တည်း အပြင်မှာ အိမ်ငှားနေပါတယ်။ ကလေးတွေကိုလည်း သူမနဲ့အတူပေးမနေစေဘဲ ၁လ၁ခါတော့ ပေးတွေ့စေပါတယ်။ ကွာရှင်းခွင့်လည်းမပေးတဲ့အပြင် အိမ်ကလည်း ၂ယောက်ပိုင်ဖြစ်ပေမဲ့ သူကကွာမပေးတော့ သူမလည်း အတူနေမရ ဘာမှလုပ်လို့လည်းမရပါဘူး။ 

တနေ့ဆေးခန်းကို မလေးလူနာကလေးငယ် ဆုံဆို့ကြက်ညာကာကွယ်ဆေးလာထိုးပါတယ်။ စင်ကာပူမှာ ကာကွယ်ဆေးထိုးပြီးတိုင်း ကျန်းမာရေးဆိုင်ရာဘုတ်အဖွဲ့ကို ကာကွယ်ဆေးထိုးပြီးကြောင်း အစီရင်ခံရပါတယ်။ အဆိုပါဖောင်တွင် ကလေးရဲ့မိခင်နာမည်နဲ့ မှတ်ပုံတင်နံပါတ်ဖြည့်ရပါတယ်။ အဆိုပါကလေးငယ်မှာ အဖွား၊အဖေနဲ့အတူလာတာဆိုတော့ ကလေးမိခင်နာမည်သာသိပြီး မှတ်ပုံတင်နံပါတ်ကို နောက်မှ ဖုန်းဆက်ပြောမယ်ဆိုပြီး တော်တော်နဲ့ မဆက်တော့ ကျွန်မကပဲ ဖုန်းဆက်မေးရပါတော့တယ်။ အဲဒီတော့ အဖွားလုပ်သူက အမေမှတ်ပုံတင်နံပါတ်ကို မမေးရသေးဘူးလို့ ပြောပါတယ်။ ကျွန်မလည်း အလွန်ထူးဆန်းနေပါတယ်။ ဒါနဲ့ အလုပ်ဖော် မလေးမကို ဖုန်းဆက်ပြီး မေးစေပါတယ်။ အဲဒီတော့မှပဲ သူတို့ မလေးအချင်းချင်း အဖြစ်မှန်ကို ပြောပြပါတော့တယ်။ အမှန်တော့ သူတို့ဟာ ကလေးငယ်ကောင်လေးရဲ့ ကလေးထိန်းဖြစ်ပြီး အဆိုပါနေ့က လာတဲ့အဖေလို့ထင်တဲ့သူဟာ ကလေးအဖေမဟုတ်ဘဲ ကလေးထိန်းရဲ့သားအရင်းဖြစ်ပါတယ်။ ကလေးမိခင်က ပြစ်သွားလို့ သူတို့ကသနားပြီးမွေးစားထားတာလို့ ပြောပါတယ်။

အဲဒီတော့မှ ကျွန်မရဲ့အလုပ်ဖော်က သူမနဲ့ဘဝတူတွေပဲပေါ့တဲ့။ သူမကိုလည်း အမေက မလိုချင်တော့လို့ပြစ်သွားပြီး မွေးချင်းမောင်နှမတွေလည်းရှိကြောင်း၊ သို့သော် ဘယ်သူဘယ်ဝါမှန်း မသိရကြောင်း၊ မိခင်မှာလည်း မကောင်းတာလုပ်စားတဲ့အပျက်မဖြစ်ကြောင်း အကြောင်းစုံဖွင့်ပြောမှ သူမအကြောင်းသိခွင့်ရပါတော့တယ်။ သူမရဲ့အတိတ်ကံမကောင်းခဲ့လို့ပဲ ဆိုရမလား။ မိဘမဲ့ပြီး မမြင်ဘူးသလို သူမရဲ့အိမ်ထောင်၂ဆက်လဲပြိုကွဲရ သားသမီးနဲ့လည်း အတူနေခွင့်မရပါဘူး။ သူမမှာ အလုပ်၃ခုလုပ်ပြီး တတ်နိုင်သမျှ သူတို့လေးတွေကို ထောက်ပံ့ပေးနေပါတယ်။

ဒါတွေကိုကြည့်ပြီး ကိုယ်တို့ရဲ့ဘဝဟာ အများကြီးကံကောင်းပါလားဆိုပြီး တွေးမိပါတယ်။ မိစုံဖစုံနဲ့အတူနေရတာဟာ မင်္ဂံလာ၁ပါးဖြစ်ပါတယ်။ မိဘများကို မသေခင်မှာ ကျွေးမွေးစောင့်ရှောက်ပါ။ သေပြီးမှနောင်တရတာမျိုး မဖြစ်ပါစေနဲ့။ ကျွန်မရဲ့ မွေးနေ့အမှတ်တရအဖြစ် အဆိုပါပို့စ်လေးကို ရေးသားလိုက်ပါတယ်။ အားလုံးပဲ မိမိဘဝကို အားငယ်အလိုမကျဖြစ်နေမဲ့အစား ကိုယ့်ထက်နိမ့်ကျတဲ့ ကံအကြောင်းမလှတဲ့သူတွေနဲ့ ယှဉ်ပြီး ကိုယ်ဟာ အများကြီးသာပါလားဆိုပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

2 comments:

Lorem Ipsum said...

ကိုးရီးယား ဒရမ်မာတောင်ရှုံးတယ်နော်...မနက်က ဂျေချိုအကြောင်းဖတ်နေတာ...တခြားလူတွေနဲ့စာရင် ကိုယ်ေတွဘ၀က အများကြီးကံကောင်းပါသေးတယ်..။ စိတ်ဓာတ်ကျ ပင်ပန်းရင်လည်း သူများဥပမာယူပြီးအားတင်းရတယ်..။

အစစအဆင်ပြေပါစေရှင့် ။

San Yin Mon said...

ကျေးဇူးပါ။ ကိုယ်အားငယ်စိတ်ဓါတ်ကျနေရင် ကိုယ့်ထက်အများကြီးနိမ့်ကျသူ၊ ကံမကောင်းတဲ့သူကိုကြည့်ပြီး ကိုယ်ကသူတို့ထက်စာရင် အများကြီးသာပါလားဆိုပြီး ဖြေသိမ့်ပါ။ ဒီနေ့လည်း စင်ကာပူမှာ ကိုယ်လုပ်တဲ့ဆေးခန်းနားက တိုက်ခန်းပေါ်ကနေ ခုန်ချသေကြောင်းကြံလို့ ရဲတွေဝိုင်းနေတယ်။