Saturday, December 27, 2014

လုပ်ငန်းခွင် အတွေ့အကြုံများ

ကျွန်မဟာ စင်ကာပူရှိ ဆေးခန်းများမှာ လုပ်လာတာ လုပ်သက်၎နှစ်ရှိပါပြီ။ ထိုကာလအတွင်း ရရှိလာတဲ့ အတွေ့အကြုံများကို စာဖတ်သူတို့အား မျှဝေချင်ပါတယ်။
ပထမစစချင်း အလုပ်က အမျိုးသမီးနဲ့ပတ်သက်တဲ့ ဆေးခန်း(OG)ဖြစ်ပါတယ်။ အဆိုပါဆေးခန်းက ကလေးဖျက်ချခြင်း (Abortion) ကို တရားဝင်လိုင်စင်ရရှိထားတဲ့ ဆေးခန်း ဖြစ်ပါတယ်။ ဆေးရုံတက်စရာမလိုဘဲ လျင်မြန်စိတ်ချ နာကျင်မှုမရှိ မည်သူမျှမပေါက်ကြားအောင် လျှို့ဝှက်စွာ (Confidential) ဝန်ဆောင်မှုပေးထားပါတယ်။ ကိုယ်ဝန်၂၄ပတ်ထိတိုင်အောင် ဖျက်ချင်ပါက ဖျက်ချနိုင်ပါသေးတယ်။ အချိန်၂ရက်သာ ကုန်ပါတယ်။ ပထမတရက်က ကိုယ်ဝန်ဖျက်ချမယ့်နည်းလမ်း (Procedure)ကို ဆရာဝန်က အသေးစိတ်ရှင်းပြကာ ဗီဒီယိုခွေငှားပေးပြီး အိမ်မှာကြည့်စေပါတယ်။ နောက်တရက်မှာ ဆေးခန်းမလာခင် ၄နာရီကြာ မစားမသောက်ပဲ ရေတောင်မသောက်ရပါ။ ဆရာဝန်ကမေ့ဆေးတိုက်ပြီး အိပ်ပျော်နေစဉ်အတွင်း ဝမ်းဗိုက်ထဲကို Cannula လို့ခေါ်တဲ့ အချောင်းလေးကို Vacuum Suction သုံးပြီး ကလေးကိုစုပ်ယူ ဖယ်ရှားလိုက်ပါတယ်။ နာရိပိုင်းအတွင်း သက်တောင့်သက်သာမနာမကျင်စေပဲ ကိစ္စပြီးမြောက်သွားပါတယ်။ ဘာမှမဖြစ်သလို မည်သူမှမသိရှိဘဲ အိမ်ကိုတန်းပြန်နိုင်ပါပြီ။

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အဆိုပါလုပ်ဆောင်ချက်ဟာ ငရဲရောက်ပြီးမလျော်ကန်ပါ။ ရခဲလှသော လူ့ဘဝကြီးကို မိဘတွေက အကြောင်းကြောင်းကြောင့် ဖျက်ချလိုက်တဲ့ကလေးရဲ့ ကုသိုလ်ကံဟာ ဆိုးလှပါတယ်။ တနေ့တနေ့ဖျက်ချလိုက်တဲ့ ကလေးအရေအတွက်မှာ မနည်းလှပါ။ ကျွန်မလည်း ခဏသာ ဒီအလုပ်မှာ လုပ်ခဲ့ပါတယ်။

ဒုတိယအလုပ်မှာ အရေပြားနဲ့ အလှအပရေးရာဆေးခန်း၌ ဖြစ်ပါတယ်။ လေဆာရောင်ခြည်နဲ့ မျက်နှာချောမောလှပစေခြင်း၊ Botox ထိုးဆေးဖြင့် မျက်နှာတင်းရင်းလှပပြီး အရေးအကြောင်း မရှိအောင် လုပ်ခြင်း၊ Fillers ထိုးဆေးဖြင့် ပါးရေမတွန့်အောင် ကာကွယ်နိုင်သကဲ့သို့ နှုတ်ခမ်းဖူးဖူးလေး ဖြစ်အောင် ပြုလုပ်နိုင်သလို နှာခေါင်းချွန်ချွန်လေး ဖြစ်အောင် ပြုလုပ်စေနိုင်င်ခြင်း၊ မိမိရဲ့ကိုယ်ပိုင်ဆံပင်ဆဲလ်ဖြင့် ဆံပင်ပြောင်သည့်နေရာ၊ ကျဲပါးသည့်နေရာ၌ လိုသလိုပုံသွင်း ဆံပင်စိုက်ခြင်း၊ Radiofrequency ကုထုံးဖြင့် လျှပ်စီးကြောင်းသုံးပြီး  ခန္ဓာကိုယ်ကို အပူပေးခြင်းဖြင့် အသားအရေကျစ်လစ်သွယ်လျစေခြင်း၊ ခန္ဓာကိုယ်တလျှောက် လည်ပတ်လှုပ်ရှားမှု မြန်ဆန်စေခြင်း၊ အဆီပိုများ ဖယ်ရှားခြင်းနဲ့ ဝက်ခြံများလျော့နည်းစေခြင်းစသည့် ဝန်ဆောင်မှုများကို ပေးသောဆေးခန်းဖြစ်ပါတယ်။

တတိယအလုပ်လက်ရှိကတော့ GP ခေါ်အထွေထွေရောဂါကုဆေးခန်းဖြစ်သကဲ့သို့ အလှအပရေးရာအပါအဝင်Autism ခေါ် ဦးနှောက်ရဲ့ ပုံမှန်စွမ်းဆောင်မှုချို့ယွင်းပြီး လူမှုပေါင်းသင်း ဆက်ဆံနိုင်စွမ်းမရှိဘဲ အာရုံကြောချို့တဲ့တဲ့ ဝေဒနာများကိုလည်း ကုသဝန်ဆောင်မှု ပေးပါတယ်။ အဆိုပါရောဂါအကြောင်းအပြည့်အစုံကို http://myblogmonpharmacy.blogspot.sg/2014/09/austism.html#more မှာ ဖော်ပြထားပါတယ်။ တချို့ကလေးငယ်များကို ၂နှစ်ကျော်၃နှစ်အရွယ်ကတည်းက အဆိုပါရောဂါလက္ခဏာများကို မိဘများက သတိပြုမိကာ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကြည့်ပါတယ်။ သူတို့လေးတွေဟာ သာမန်ကလေးများထက် စကားပြောနောက်ကျခြင်း၊ အပြောအဆိုအမူအရာစိတ်ပါဝင်စားမှုနဲ့ လှုပ်ရှားတက်ကြွမှုများ နည်းပါးခြင်း၊ ထပ်တလဲလဲ တူညီလုပ်ဆောင်မှုများ လုပ်ဆောင်ခြင်း၊ သာမန်ထက်ပိုActiveဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ Speech Therapy, Occupational Therapy & Physical Therapyတို့နဲ့ ပေါင်းပြီး ကုသရပါတယ်။

ဒီရောဂါကို ယနေ့ထိပျောက်ကင်းအောင် မကုသနိုင်သေးပါ။ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကြောင့် ထွက်ရှိလာတဲ့ Heavy Metalsများကြောင့် ၄င်း၊ မျိုးရိုးဗီဇဒီရောဂါရှိလျှင်၎င်း အဆိုပါဝေဒနာရှိတတ်ပါတယ်။ ဖြည့်စွက်စာ (Gluten & Casein Free Supplements) များနဲ့ အာဟာရပြည့်ဝအောင် ရွေးချယ်သုံးဆောင်ခြင်း၊ အစာချေစုပ်ယူမှုကောင်းသော အူ၊အသည်းနဲ့ကျောက်ကပ်လုပ်ဆောင်မှု ကောင်းမွန်မှုရှိမရှိ သွေးဖောက်၍၄င်း၊ ဆီးစစ်၍၄င်း ဆ၇ာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်စစ်ဆေးစမ်းသပ်ခြင်း၊ သင့်တော်တဲ့ Vitamins များ၊ Supplementsများဖြင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း စသည်တို့ဖြင့် ရောဂါလက္ခဏာများ မဆိုးရွားအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

အရင်တုန်းက ကျွန်မသိထားတာက ကလေးတွေ အရမ်းသောင်းကျန်းပြီး အကြောင်းမရှိငိုခြင်း၊ ရယ်ခြင်း၊ နှုတ်ဆိတ်ခြင်း၊ အိပ်ရေးနည်းခြင်း၊ မကြာခဏတက်ခြင်း (Seizure) တို့ကို သာမန်မျှသာလို့ ထင်မိပါတယ်။ ကျွန်မတို့တိုင်းပြည်မှာတော့ ဒီရောဂါရှိမှန်း သိချင်မှသိနိုင်ပါလိမ့်မယ်။ ဒီဆေးခန်းမှာလုပ်မှပဲ အဲသလိုလက္ခဏာရှိတဲ့ကလေးက ပုံမှန်မဟုတ်ဘဲ ဒီရောဂါရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ မိဘများအနေနဲ့ အဆိုပါလက္ခဏာရှိမှန်း သံသယရှိတာနဲ့ သိသိချင်း ပိုက်ဆံအကုန်အကျခံပြီး ပျောက်လိုပျောက်ငြား ကုသကြပါတယ်။ တချို့သိပ်မပြင်းထန်တဲ့ဝေဒနာသည်ကလေးများတော့ ကောင်းမွန်တိုးတက်စွာ ထိန်းချုပ်ထားနိုင်ပါတယ်။ အင်ဒိုနီးရှား၊မလေးရှားတို့မှာ အဆိုပါဝေဒနာသည်လူနာကလေးငယ်အများအပြား ကျွန်မတို့စင်ကာပူဆေးခန်းဆီကို လာရောက်ကုသကြပါတယ်။ မြန်မာပြည်မှာတော့ စိတ္တဇဝေဒနာလို့ သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါလိမ့်မယ်။ များမကြာမီ ကျွန်မတို့တိုင်းပြည်မှာ အဆိုပါဆေးခန်းမျိုး၊ Defeat Autism Now (DAN!) Autism Doctorများ ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ အဆိုပါဝေဒနာမျိုး မိမိတို့ကလေးဆီမှာ ရှိပြီလို့ သံသယရှိတာနဲ့ စိတ်ပျက်အားငယ်စရာမလိုဘဲ ထိရောက်တဲ့ဆေးဝါး၊ သက်ဆိုင်ရာဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါက ရောဂါမဆိုးဝါးအောင် ထိန်းချုပ်နိုင်ပါကြောင်း ကျွန်မရဲ့ လုပ်ငန်းခွင်အတွေ့အကြုံလေးများကို ဝေငှပေးလိုက်ပါတယ်။

2 comments:

Anonymous said...

abortionလုပ်ချင်လို့ ကူညီပါဦး ရန်ကုန်ကပါ

San Yin Mon said...

ကိုယ်ဝန်ဖျက်ချတာကိုတော့ အားမပေးပါဘူး။ အကြောင်းကြောင်းကြောင့် ဆိုရင်တော့ တတ်ကျွမ်းတဲ့ အိုဂျီဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ ဆောရီး မြန်မာပြည်ကဆရာဝန်အကြောင်းတော့ မကျွမ်းဝင်တဲ့အတွက် အကြံမပေးနိုင်တာ ခွင့်လွှတ်ပါ။