Sunday, October 2, 2011

ပဋိဇီဝဆေး(Antibiotic)ဆိုသည်မှာ


လူအများစုဟာ Antibiotics(ခေါ်) ပဋိဇီဝဆေးကို အမှန်တကယ်လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ မကြာခဏအားကိုးအားထား အသုံးပြုနေကြပါတယ်။ ပဋိဇီဝဆေးဟာ အူနဲ့ ယေဘုယျကျန်းမာရေးကို အဓိကလုပ်ဆောင်ပေးတဲ့ အကျိုးပြုဘက်တီးရီးယားပိုးများကို သေစေနိုင်ပြီး (mutation) ပြောင်းလဲမှုများဖြစ်ပေါ်လာပါတယ်။ ပိုးမွှားအများစုမှာ ပဋိဇီဝဆေးမျိုးစုံကို ခံနိုင်ရည်ရှိပြီး ယဉ်ပါးသွားတတ်ကြပါတယ်။ ရေရှည်မှာ ကျွန်ုပ်တို့ရဲ့ကိုယ်ခံအားစနစ်ကို တွန်းလှန်ကာ အူထဲရှိ ကျန်းမာသန်စွမ်းတဲ့ ဘက်တီးရီးယားများကို ဆုံးရှုံးစေပါတယ်။ ထို့နောက် ရံဖန်ရံခါ မှိုရောဂါတမျိုးဖြစ်တဲ့ (Candida)ပေါက်ဖွားဖို့ အခွင့်အလမ်းဖြစ်ပေါ်လာပါတယ်။


ပဋိဇီဝဆေးသောက်တဲ့အခါတိုင်း Probiotics (ခေါ်) အကျိုးပြုဘက်တီးရီးယားများဖြစ်တဲ့ Acidophilus or Bifidusတို့ပါဝင်တဲ့ ဖြည့်စွက်ဆေး(Supplements) သောက်ဖို့လိုပါတယ်။ ဆရာဝန်အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိရောဂါနဲ့ တုပ်ကွေးဝေဒနာတို့အတွက် လူနာများအား ပဋိဇီဝဆေးကို သောက်စေပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ချောင်းဆိုးရင်ကြပ်နာ လေပြွန်ရောင်ဝေဒနာခံစားနေရတဲ့ လူနာများအဖို့လည်း ရံဖန်ရံခါ ပဋိဇီဝဆေးသုံးနိုင်ပါတယ်။       သို့သော် ပဋိဇီဝဆေးကို ကြာရှည်စွာသုံးစွဲလျှင် သင့်ရဲ့ကိုယ်ခံစွမ်းအားစံနစ်ကိုသာမက အူကိုပါ မကောင်းတဲ့ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံးမှာ တဖြည်းဖြည်းနဲ့ သင်စားလိုက်တဲ့ အစားအစာမှ အာဟာရဓါတ်များရဲ့ စုပ်ယူမှုကို  လျော့ကျစေနိုင်ပါတယ်။                                                         
ရှောင်ကြဉ်ရမဲ့ အစားအစာ
၁။ ပဋိဇီဝဆေးသောက်ထားရင် အူထဲမှာ အလွယ်တကူအချဉ်ပေါက်လွယ်တဲ့ အသီးအနှံများဖြစ်တဲ့ ဌက်ပျောသီး၊ ပန်းသီး၊ ဖရဲသီးနဲ့ ကီဝီသီးများနဲ့ အရက်(သို့) သကြားများစွာပါဝင်တဲ့ အစားအစာများစားသုံးခြင်းမှ တလကြာ ရှောင်ကြဉ်ရပါမယ်။ သို့မဟုတ်ပါက အကျိုးမပြုတဲ့ ဘက်တီးရီးယားများဖြစ်တဲ့  မက်ခရုနာ(Thrush)နဲ့  မှိုရောဂါ(Candida)ပေါက်ဖွားရှင်သန်စေဖို့ အခွင့်အရေးများ ဖြစ်လာစေနိုင်ပါတယ်။
၂။ မှိုတက်နေတဲ့ချိစ်ဟာ အူထဲမှာ အချဉ်ဖေါက်စေတဲ့အတွက် မစားသင့်ပါ။
၃။ တဆေး (Yeast)ကိုအခြေခံပြုလုပ်ထားတဲ့ ပေါင်မုန့်နဲ့ Marmite & Bovril စတဲ့ အသားပြုတ်ရည်များစားခြင်းမှ ရှောင်ရပါမယ်။

အကျိုးပြုတဲ့ အစားအစာ
၁။ အချဉ်မဖေါက်တဲ့အသီးအနှံများဖြစ်တဲ့ ဘယ်ရီမျိုးနွယ်များ(ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ရက်စ်ဘယ်ရီ)နဲ့ ချယ်ရီသီးများအပြင် သဘောင်္သီးများကို စားသုံးနိုင်ပါတယ်။
၂။ နံနတ်သီးမှာ ပဋိဇီဝဆေးအတော်များများရဲ့ အာနိသင်အစွမ်းထက်မှုကို တိုးပွားစေနိုင်သော  Bromelainအင်ဇိုင်းပါဝင်ပါတယ်။ အစာချေဖျက်မှုကို ကူညီပေးတဲ့အတွက် အစာမစားမီ နံနတ်သီး၂တုံးလောက် စားပေးပါ။
၃။ Acidophilus နဲ့ Bifidusတို့ပါဝင်တဲ့ သကြားဓါတ်မပါ၊ အဆီဓါတ်နည်းပါးတဲ့ ဒိန်ချဉ်များများစားပေးပါ။

အရေးကြီးဆုံးအချက်က ပဋိဇီဝဆေးကို လိုအပ်မှသာသုံးစွဲပါ။ ဆေးပတ်လည်အောင် သောက်ပါ။ ဆိုလိုသည်မှာ တချို့သောလူနာများဟာ ၃-၄လုံးလောက်သောက်ပြီး သက်သာသွားတော့ နောက်တခါဖြစ်ရင်သောက်ဖို့ သိမ်းထားတတ်ကြပါတယ်။ ထိုအခါ ဘက်တီးရီးယားပိုးဟာ ဒီဆေးကိုခံနိုင်ရည်ရှိပြီး ယဉ်ပါးကာ နောက်တခါ ဒီဆေးသောက်ရင် မသက်သာ၊ ဆေးမတိုးတော့ပါ။ ဒီထက်အဆင့်မြင့်(Generation)မြင့်တဲ့ဟာ သုံးမှသာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

တချို့ဆရာဝန်များကျတော့ ရိုးရိုးပဋိဇီဝဆေးနဲ့ သက်သာမဲ့ဟာကို ဆေးကုမ္ပဏီကြီးများရဲ့ ကြော်ငြာမှုနဲ့စပွန်ဆာကောင်းမှုကြောင့်  နောက်ဆုံးပေါ် Generation မြင့်တဲ့ Antibioticsတွေကို လူနာများအား ပေးတတ်ကြပါတယ်။ ဒါကြောင့် အဆိုပါလူနာများဟာ သာမန်ပဋိဇီဝဆေးသောက်ရင် မတိုးတော့ပါ။ တချို့သော  နောက်ဆုံးပေါ်ဆေးဝါးအသစ်များကို ဆေးဆိုင်တိုင်းမှာ မတင်ကြပါ။ လူနာများမှာ ခက်ခက်ခဲခဲရှာဖွေဝယ်ယူကြရပါတယ်။

ကျွန်တော်က ပိုက်ဆံမတတ်နိုင်တဲ့သူကို သူတို့လေးတွေ သက်သာပါစေတော့ဆိုတဲ့ စေတနာနဲ့ ဆေးမျိုးရင်းဓါတုဗေဒအမည် တူညီတဲ့ အာနိသင်တူ ဈေးနှုန်းသက်သာတဲ့ဆေးနဲ့ အစားထိုးပေးတော့ ဘာပြောတယ်မှတ်လဲ။ တချို့ကျတော့ မယုံလို့ ဆေးမှားမှာကြောက်တယ်။ ရှာကြည့်လိုက်ဦးမယ်။ တချို့ကျတော့ ဘာလဲကျုပ်တို့ကို မတတ်နိုင်ဘူးထင်လို့ အထင်သေးတာလားတဲ့။ အော် စေတနာဟာ လူတိုင်းနဲ့မတန်ပါလားနော်။ ရင်းနှီးတဲ့မိတ်ဆွေများကျတော့ ကျွန်တော်ကို ဆေးဝါးကျွမ်းကျင်မှန်းသိလို့ ဆရာဝန်ညွှန်ကြားတဲ့ဈေးကြီးတဲ့ Brand Name အစား အလားတူ ဈေးနှုန်းသက်သက်တာကို ရွေးခိုင်းပြီး ဈေးတွက်တွက်ဝယ်တတ်ကြပါတယ်။

ထို့ကြောင့် ပဋိဇီဝဆေးကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ဘဲ ဆရာဝန်(သို့) တတ်ကျွမ်းနားလည်တဲ့ ဆေးဝါးပညာရှင်များရဲ့ ညွှန်ကြားမှုအောက်မှာ သုံးစွဲဖို့ လိုပါကြောင်း အတွေ့အကြုံဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်။


1 comment:

Thameesan said...

အင်း..နည်နည်းပါးပါးတော့ကြားဖူးထားတယ်သယ်ရင်းရဲ့
ခုတော့ပိုပြီးပြည့်ပြည့်စုံစုံသိရပါပြီ
ဝေမျှပေးတဲ့အတွက်ကျေးဇူးကမ္ဘာပါပဲရှင်
ပျော်ရွှင်ကျန်းမာပါစေ
ချစ်ခင်စွာဖြင့်