Thursday, November 25, 2010

အစားမကျူးအောင် ဘယ်လိုလုပ်မယ်

မြဲတမ်းလှုပ်ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝတိုးတက်မြင့်မားလာမှုကြောင့် မကြာခဏဆိုသလိုပဲ အပြင်ထွက်စားဖြစ်တဲ့ အလေ့ပြောင်းလဲလာပါတယ်။

လူအများဟာ အဆင်သင့်အစားအစာနဲ့ လမ်းဘေးဈေးဆိုင်မှ အစားအသောက်များကို ပိုမိုရွေးချယ် စားတတ်လာကြပါတယ်။ အဆိုပါအစားအစာများ၌ အဆီနဲ့သကြားပြည့်ဝစွာ ပါဝင်ပြီး ဈေးနှုန်းချိုချိုဖြင့် အမျိုးအစား၊ အရွယ်အစားအစုံအလင်နဲ့ ရွေးချယ်စရာများလွန်းလို့ လူများဟာ သူတို့ပိုက်ဆံနဲ့တန်သလောက် မချင့်ချန်ဘဲ ပိုမိုစားသုံးကြပါတယ်။

နေ့စဉ်နဲ့အမျှ အစားများလာတဲ့အခါ အကျင့်ဖြစ်လာပြီး ဖြတ်ဖို့ခက်လာပါတယ်။ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့အခါ ကယ်လိုရီအများအပြားဟာ မလောင်ကျွမ်းတော့ဘဲ ကိုယ်အလေးချိန် တိုးလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ အစာအိမ်ဟာ အစာအများအပြားကို ထိုးသိပ်ထားနိုင်ပြီး ဆွဲဆန့်နိုင်စွမ်းရှိပါတယ်။

အစားများတဲ့အကျင့်ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်ဟာ အာသာပြေပြေနဲ့ အစာပမာဏများများကို စတင်စုစည်းလာပါတယ်။ ဒါ့ကြောင့် အဲဒီလူဟာ အစားနည်းနည်းစားတဲ့အခါ အာသာမပြေဖြစ်တတ်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန် ထိန်းသိမ်းရာ၌ အရည်အသွေးရှိတဲ့ အစားအသောက်ဟာလည်း အရေးပါပါတယ်။ ဥပမာ- ဟင်းသီးဟင်းရွက်များဟာ ကျန်းမာသန်စွမ်းစေသော်လည်း ဘယ်လိုချက်ရမယ်ဆိုတာကိုလည်း သိရှိရပါမယ်။ အကယ်၍ ဆီများများနဲ့ အနှစ်များများချက်မယ်ဆိုရင်တော့ သင့်ရဲ့ကယ်လိုရီပမာဏ တိုးပွားစေမှာ အသေအချာပဲ။

ဒါကြောင့် ကယ်လိုရီပမာဏမျှတစွာ ချက်တတ်ရပါမယ်။ ဥပမာ- ငါးပေါင်းဟင်းနဲ့ငါးကြွပ်ကြွပ်ကြော်ဆိုကြပါဆို့။ ငါးချင်းတူပေမယ့် ကယ်လိုရီပါဝင်မှုနှုန်းဟာ အရမ်းကွာခြားပါတယ်။ ပိုကြွပ်လေလေ ဆီများများသုံးရပြီး ကယ်လိုရီပမာဏပိုများလေလေပါပဲ။

ထို့အတွက်ကြောင့် NUHမှ အာဟာရပညာရှင်တယောက်ရဲ့ အစားနည်းနည်းနဲ့ ဗိုက်ပြည့်စေတဲ့ အကြံဥာဏ်အချို့ကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။
  • ထမင်းစားပွဲမှ အပွဲရေလိုက်စားမယ့်အစား သင့်ပန်းကန်ထဲကို ထမင်း၊ အသား၊ ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို ခူးခပ်ပြီးထည့်ပါ။ နောက်တပွဲ မယူမိအောင် သတိထားပါ။
  • ဖြေးဖြေးချင်းစားပြီး တဇွန်းကို အခါ၂၀လောက် ကျေညက်အောင်ဝါးပါ။ ဝါးနေစဉ်အတွင်း ဇွန်းကိုချထားပါ။ တဇွန်းကုန်မှ တဇွန်းစားပါ။ ဒီလိုလုပ်ခြင်းက အစာအိမ်အူလမ်းကြောင်းလုပ်ဆောင်ချက်ကို ကန့်သတ်စေပြီး အာသာပြေမှုကို တိုးပွားစေပါတယ်။
  • အစေ့အဆန်ကဲ့သို့သော အမျှင်ဓါတ်များတဲ့ အစားအစာများကို ရွေးချယ်ပါ။ ၄င်းတို့မှာ အစာခြေမှုကို နှေးကွေးစေပြီး အချိန်ကြာကြာဗိုက်ပြည့်စေပါတယ်။
  • ဟင်းသီးဟင်းရွက်တွေကို အရင်စားပါ။ အမျှင်ဓါတ်ဟာ အစာအိမ်မှာ နေရာယူပြီး အစာခြေမှုကို နှေးကွေးစေပါတယ်။ အလျင်အမြန် ဗိုက်ပြည့်စေပါတယ်။

1 comment:

December Mgmg said...

သူငယ်ချင်းပြောတော့မှပဲ သိတယ် အရမ်းကျေးဇူးတင်ပါတယ်