Thursday, September 3, 2015

စိတ်ခွန်အား


လူတယောက်မှာ အရေးကြီးဆုံးအရာဟာ စိတ်ဓါတ်ကြံ့ခိုင်မှုပဲ ဖြစ်တယ်။ အဲဒီစိတ်နဲ့ပဲ သေနိုင်သလို နေကောင်းကျန်းမာအောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ မိမိက စိတ်ဓါတ်ပျော့ညံ့တဲ့သူ၊ စိတ်မခိုင်တဲ့သူဆိုရင် လွယ်လွယ်နဲ့ ကျဆုံးသွားနိုင်သလို၊ မိမိကို အားငယ်တိုင်း၊ ရှုံးနိမ့်ကျဆုံးတဲ့အချိန်တိုင်း အားပေးနိုင်သူ၊ စိတ်ခွန်အားပေးနိုင်သူက အနားမှာရှိလျှင် ပြန်လည်နိုးကြားတက်ကြွလာမှာပဲ ဖြစ်ပါတယ်။ ကျွန်မဘဝမှာ အစစအရာရာ ကျွန်မကိုနားလည်ပြီး အမြဲတမ်းစိတ်ဓါတ်ကြံ့ခိုင်မှုပေးနေတာကတော့ ကျွန်မရဲ့မေမေပဲ ဖြစ်ပါတယ်။

ကျွန်မတို့မောင်နှမ၅ယောက်ကို သူမတတ်တဲ့ စက်ချုပ်ပညာနဲ့ ဘွဲ့ရပညာတတ်ဖြစ်အောင် ကျောင်းထားပေးနိုင်သလို ပြည်ပအထိ ကိုယ်ရွေးချယ်ရာလမ်းကိုလည်း ဖြစ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူမကိုယ်တိုင်က ငွေကြေးအခက်အခဲကြောင့် ဘွဲ့ရပညာတတ်မဖြစ်ခဲ့ပေမဲ့ သူမသားသမီးများအားလုံး ပညာရေးကို ဆုံးခန်းတိုင်အောင် ပြုစုပျိုးထောင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်က ယဉ်ကျေးလိမ္မာသိတတ်အောင် စကားပုံစာအုပ်တွေ သတင်းစာဆောင်းပါးကာတွန်းလေးတွေ ဝယ်ပေးပြီး ဖတ်စေပါတယ်။ အင်္ဂလိပ်စာတိုးတက်စေရန် အင်္ဂလိပ်မြန်မာအဘိဓာန်ကို ဈေးကြီးကြီးဝယ်ပေးပါတယ်။ ကျွန်မကလည်း ဝေါဟာရကြွယ်အောင် ကိုယ်မသိတဲ့စကားလုံးများကို အဘိဓာန်သုံး၍ ရှာဖွေရတာကို နှစ်သက်တဲ့အတွက်ကြောင့် မည်သည့်အင်္ဂလိပ်စာဥာဏ်စမ်းမဆို အခက်အခဲမရှိ ဖြေဆိုနိုင်ပြီး အမြဲတမ်းအမှတ်ပြည့်ရတော့ကြောင့် အင်္ဂလိပ်စာဆရာမကတောင် သမီးအမေက ဆရာမလားလို့တောင် မေးယူရပါတယ်။ 
အမေက အမြဲလိုလို သူမရဲ့အပ်ထည်တွေနဲ့ ရှုပ်နေပြီး ကျွန်မတို့ကို အချိန်ပြည့်မဆုံးမနိုင်ပါ။ ဒါပေမဲ့ ကျွန်မတို့ငယ်ငယ်က နေထိုင်မကောင်းဖြစ်တိုင်း ဆေးမြီးတိုနဲ့ ဆေးဆိုင်တွေဆီကနေ ဆေးဝယ်မတိုက်ပါ။ သူမကိုယ်တိုင် အလုပ်ပြတ်ခံပြီး ပျောက်သည်အထိ ဆေးခန်းလိုက်ပို့ပေးပါတယ်။ ကျွန်မတို့ကိုလည်း ပညာရေးမှာ အများတန်းတူဖြစ်အောင် သူ့ချွေးနှဲစာဖြင့် ကျူရှင်ကောင်းကောင်းထားပေးပါတယ်။ သူမဟာ ပညာတတ်မဟုတ်ပေမဲ့ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးနဲ့ ဗဟုသုတကြွယ်ဝပါတယ်။ မှတ်မှတ်ရရ ကျွန်မ ၉တန်းမှာ မြန်မာစာဆရာမက သမီးကမြန်မာစာမှာလည်း ဂုဏ်ထူးထွက်တယ်။ စာစီစာကုံးအရေးအသားလည်းမဆိုးဘူး။ ဒါကြောင့် နွားအလှနဲ့နွားလှည်းပြိုင်ပွဲအတွက် စာစီစာကုံးမှာ ဝင်ပြိုင်ရမယ်လို့ ဆိုပါတယ်။ ကျွန်မလည်း မငြင်းသာပဲ ပြိုင်ရပါတယ်။ အဲဒီတုန်းက နွားအလှနဲ့နွားလှည်းပြိုင်ပွဲဟာ ပထမဆုံးကျင်းပခြင်းဖြစ်တဲ့အတွက် ကိုးကားစရာ ဘာအချက်အလက်မှ မရှိပါဘူး။ ခေါင်းစဉ်ကိုလည်း ပြိုင်တဲ့အချိန်မှသာ သိရပါတယ်။ ထုံးစံအတိုင်း အမေစက်ချုပ်ရင်း ကိုယ်ရေးသမျှကို ဖတ်ပြသလို သူမသိတဲ့အကြောင်းအရာဗဟုသုတများကို ချရေးစီကုံးပြီး ပြင်ဆင်ခဲ့ပါတယ်။ မမျှော်လင့်ပဲ ကျွန်မှဗဟိုအဆင့်မှာ တတိယချိတ်ခဲ့ပါတယ်။ အမြဲတမ်းစာစီစာကုံးပြိုင်ရင် ဆုတခုခုချိတ်နေကြ ကျွန်မသူငယ်ချင်းက ကျွန်မဝင်ပြိုင်တဲ့ ဒီတခါကျမှ ဘာဆုမှမရခဲ့ပါဘူး။ ဒါကြောင့် မြန်မာစာဆရာမက သမီးလုပ်နိုင်ပါတယ်။ မပြိုင်ကြည့်တော့ ကိုယ့်ရဲ့အစွမ်းကို မသိတာပါ။ ကျောင်းအုပ်ဆရာမကြီးလဲ ကျောင်းဂုဏ်ဆောင်နိုင်တဲ့အတွက် ကျေနပ်ပီတိဖြစ်ရတာပေါ့။ တကယ်တော့ အမေ့ရဲ့ အိုင်ဒီယာစိတ်ကူး၊ အမေ့ကျေးဇူးကြောင့် ဒီဆုရခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

အမေ့ခမျာပျော်လွန်းလို့ ဆုပေးပွဲ ဆင်ဖြူကန်ကွင်းထဲသို့ သူမကိုယ်တိုင် ကျွန်မကို စက်ဘီးနဲ့နင်းတင်ပြီး လိုက်ပို့ရှာပါတယ်။ ကျွန်မလဲ အမေနေ့ညမအား တနေကုန်စက်ထိုင်ချုပ်နေရတာကို မကြည့်ရက်လို့ ပညာတတ်ကြီးဖြစ်အောင် လုပ်ပြီး အမေ့ကိုရှာကျွေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မတို့မောင်နှမတွေအားလုံးလဲ ပညာရေးမှာ မညံ့ပဲ တနှစ်တတန်းအောင်လို့ ဘွဲ့အသီးသီးရကြပါတယ်။ ယနေ့ထက်တိုင် အမေကိုယ်တိုင် သူမဝါသနာကို မစွန့်လွှတ်နိုင်ပဲ ချုပ်နေပါသေးတယ်။ သားသမီးတွေကိုလည်း သူမပညာကို စိတ်ဝင်စားရင် ဒါနဲ့အသက်မွေးရမှာစိုးလို့ အမွေမပေးခဲ့ပါဘူး။ စိတ်ထားကောင်းမှ ကံကောင်းမယ်။ သည်းခံစိတ်မွေးရမယ်။ အလုပ်ကို မခိုကပ်ရဘူး။ လူကြီးမိဘကို ရိုသေရမယ်။ အချင်းချင်းရိုင်းပင်းကူညီဆက်ဆံရမယ်ဆိုပြီး  ဥပမာလေးတွေပေးပြီးဆုံးမတတ်ပါတယ်။

ကံမကောင်းလို့ ရှုံးနိမ့်ခဲ့ရင်လည်း ရေစီးတခါရေသာတလှည့် လောကဓံရဲ့အလှည့်အပြောင်းကို ကြံ့ကြံ့ခိုင်၊ခံနိုင်ရည်ရှိဖို့ အမြဲတမ်းစိတ်ခွန်အားတွေ မွေးမြူတတ်အောင် သွန်သင်ပေးပါတယ်။ မကောင်းတာတွေဖြစ်ပြီးရင် ကောင်းတာတွေ မကြာခင်လာတော့မယ်ဆိုပြီး စိတ်ဓါတ်မကျအောင် အားပေးပါတယ်။ လူလူချင်းကိုလည်း ကိုယ်ချင်းစာပြီး အကောင်းမြင်တတ်ဖို့လည်း သင်ပြပေးပါတယ်။ ဒါကြောင့် ကျွန်မစိတ်ညစ်တဲ့အခါတိုင်း အကြံဥာဏ်လိုတိုင်း အမေ့ဆီက အကြံကောင်းလေးတွေ ယနေ့တက်တိုင် ယူနေရဆဲပါပဲ။ အမေ့အကြောင်းကို စာဖွဲ့လို့ ဆုံးမယ်မထင်တော့ပါ။ လူတိုင်းလူတိုင်း မိဘကျေးဇူးသိတတ်ဖို့ လိုပါတယ်။ ခလုတ်ထိမှ အမိတ သလို၊ သေသွားမှ နောင်တရပူဆွေးနေလို့တော့ အပိုပါပဲ။ ကိုယ့်တုန်းက စိတ်ခွန်းအားပေးခဲ့သလိုမျိုး သူမအသက်ကြီးလို့ အားငယ်နေတဲ့အခါ တတ်စွမ်းသမျှ ပြုစုလုပ်ကျွေးအားပေးရပါမယ်။ သက်ရှိထင်ရှားရှိတုန်း စိတ်ချမ်းသာအောင်ထားပြီး မိဘကျေးဇူးဆပ်နိုင်ကြပါစေ။

No comments: