Saturday, September 3, 2011

ကိုယ်တွေ့ ရင်နင့်ဖွယ်

ဒီနေ့ဆေးခန်းကို အဖိုးအိုတယောက် ရောက်လာပါတယ်။ တုတ်ကောက်ကလေးနဲ့ မှန်တံခါးဝနားမှာ ရပ်နေတာ ကျွန်တော်တို့ မသိလိုက်ပါဘူး။ ဆေးခန်းကနေ လူနာတယောက်အထွက်မှာ အဲဒီအဖိုးအိုရဲ့ လက်ဒဏ်ရာကိုတွေ့တာနဲ့ အမြန်လာတွဲဖို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း တွဲကူဖို့ ထွက်အလာ အဖိုးအိုရဲ့လက်တခေါက်ကွေးမှာ ပြတ်ရှဒဏ်ရာ ဘယ်လောက်ကြီးသလဲဆိုရင် အရိုးပါမြင်ရပါတယ်။ သူ့ရဲ့ဒဏ်ရာကိုလည်း တစ်ရှူးစက္ကူနဲ့ သားရေကွင်း ပတ်ထားပါတယ်။

သူ့ကို ခဏနား ထိုင်ခိုင်းပြီး ဘယ်လိုဖြစ်တာလဲလို့ တရုတ်လိုမေးပါတယ်။ အဖိုးအိုဟာ ကျွန်တော် နားမလည်တဲ့ ဟော်ကင်(စင်ကာပူစကား)နဲ့ ဖြေပါတယ်။ ဒါနဲ့ဒီဆေးခန်းလာဖူးသလားလို့ မေးပြီး သူ့ရဲ့မှတ်ပုံတင်ကတ် ပြခိုင်းပါတယ်။ သူ့ခဗျာလက်ကဒဏ်ရာနဲ့ အိတ်ထောင်ထဲကနေ မနည်းဆွဲထုတ်နေတော့ ကျွန်တော်လည်း မနေသာတာနဲ့ ကူထုတ်ပေးပါတယ်။ အဲဒီကတ်ပြားလေးမှာလည်း ဟောင်းနွမ်းပြီး သွေးစွန်းပေနေပါတယ်။ ဒါနဲ့ Register လုပ်ပြီးကြည့်လိုက်တော့ အသက်၉၉နှစ်ရှိမှန်း သိရတော့တယ်။ နားလည်း မကောင်းရှာတော့ဘူး။ ဘာမှမေးမရတဲ့အဆုံး တယောက်ထဲအကူမပါတဲ့အတွက် အရင်ဆေးခန်းမှာလာပြတုန်းက ပေးထားတဲ့ဖုန်းနံပါတ်နဲ့ သူ့အိမ်ကိုအကြောင်းကြားလိုက်ပါတယ်။ သူတို့လည်း ဟော်ကင်စကားပဲ ပြောတာနဲ့ ဆရာဝန်ကို နားထောင်ခိုင်းလိုက်ပါတယ်။ သူတို့ကလည်း ဖုန်းမှားနေတယ်၊ အဖိုးအိုကိုလည်း မသိကြောင်းပြောပါတယ်။ 

ဒါနဲ့ဆရာဝန်က ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးလိုက်ပါတယ်။ ပိုက်ဆံရှင်းခိုင်းတာကို နားမလည်တဲ့အတွက် ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်က ကျွန်တော်ကို ပိုက်ဆံထောင်ပြခိုင်းပါတယ်။ ဒါမှပဲ နားလည်ပြီး ပိုက်ဆံထုတ်ပေးပါတယ်။ ပိုက်ဆံတော့ပါရှာသားပဲ။ အမှန်ကျွန်တော်သာ ဆရာဝန်ဆိုရင် ပိုက်ဆံမယူဘဲ အလကားတောင် ကုပေးလိုက်မှာ။ 

ဘယ်ကိုပြန်မှာလဲ ဆိုတာမေးမရတာနဲ့ ဆေးခန်းကလူနာမလေးရှားအစ်မလေးက သူ့ရဲ့မှတ်ပုံတင်ထဲက လိပ်စာနဲ့ သူ့ကိုအိမ်ပြန်ပို့ပေးမယ်လို့ ပြောပါတယ်။ ဒါနဲ့ဆေးခန်းရှေ့က ဖြတ်သွားတဲ့ စင်ကာပူလူမျိုး သူတို့ဘာသာစကားတတ်တဲ့အန်တီအချို့ကို တွေ့တာနဲ့ လှမ်းအကူအညီတောင်းပြီး အိမ်ပြန်ပို့ခိုင်းလိုက်ပါတော့တယ်။ အိမ်လိပ်စာက ဆေးခန်းနဲ့နီးလို့ တော်ပါသေးတယ်။

နောက်ပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကိုယ့်အလုပ်ဆက်လုပ်ရတာနဲ့မသိတော့ပါဘူး။ စိတ်ထဲမှာ တကယ်နေလို့ မကောင်းဘူး။ အဲဒါနဲ့ဘာကိုစဉ်းစားမိလဲဆိုတော့ အသက်ရာကျော်မရှည်လဲနေပါစေ၊ ဒီလိုအစောင့်အရှောက်မဲ့ ဝဋ်ဒုက္ခမျိုးနဲ့တော့ မကြုံပါရပါစေနဲ့လို့ စိတ်ထဲကြိတ်ကာဆုတောင်းပြီး ရင်ထုမနာဖြစ်ကာ ကိုယ့်အလုပ်ကို ဆက်လုပ်နေရပါတော့တယ်။








4 comments:

သမီးစံ said...

သြော်..အသက်ကလည်းကြီးလာ.
ကူဖော်လောင်ဖက်ကလည်းမရှိနဲ့.
တို့များတော့အဲဒီလိုမကြုံချင်ပါဘူးကွယ်။
ဒါ့ကြောင့်.သက်ကြီးရွယ်အိုတွေ့ရင်ကိုယ်တတ်နိုင်သလောက်
ကူညီဖြစ်ပါတယ်။

noblemoe said...

စိတ်မကောင်းစရာပဲနော်
ဟူးးးးးးးးးးးးးးးးးးးး
လောကကြီးမှာအသက်ရှင်နေထိုင်ရတာလည်းမလွယ်ပါဖူး ရင်မောစိတ်ပန်းစရာတွေကြီးပါပဲနော်။

ပထမဆုံးလာလည်ဖြစ်တာပါ။အားပေးလျှက်ပါသူငယ်ချင်း


စိတ်ရောကိုယ်ပါကျမ်းမာချမ်းသာပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ယဉ်မွန် said...

Thank You for visiting.

ဇာတိမာန် said...

လောကကြီးကို သက်ရှင်ရတာကိုမလွယ်ဘူးလို့ပြောနေမဲ့အစား လောကကြီးကိုရောက်နေုတုန်း အကျိုးရှိအောင်ဘယ်လိုလုပ်သင့်လဲလို့စဉ်းစားသင့်ပါတယ် ကောင်းတာကတော့လောကကိုရောက်တုန်း မကောင်းမူရှောင် ကောင်းမူဆောင် ဖြူအောင်စိတ်ကိုထားသင့်ပါတယ် ဒါဟာသင်္ခန်းစာပါပဲ လောကမှာစိတ်ကိုဖြူစင်အောင်ထားပြီးနေရခြင်းဟာ အင်မတန်မှာကောင်းပါတယ်