Monday, August 24, 2015

ကိုယ်၊စိတ်၊နှလုံးကျန်းမာစွာ အသက်ရှည်နေထိုင်နည်း၅ရပ်

ကိုယ်၊စိတ်၊နှလုံးကျန်းမာပြီး အသက်ရှည်နေထိုင်နိုင်ဖို့ အောက်ပါနည်းလမ်း ၅သွယ်ကို လိုက်နာကျင့်သုံးလိုက်ကြစို့။


၁။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း
သင့်ရဲ့သွားကို နေ့တိုင်းတိုက်သလို လေ့ကျင့်ခန်းကလည်း နေ့စဉ်လုပ်ရမဲ့ လုပ်ရိုးလုပ်စဉ်ကဲ့သို့ အရေးပါပါတယ်။ တီဗီနဲ့ကွန်ပျူတာတွေ ပိတ်လိုက်ပြီး တနေ့ကို အနည်းဆုံး မိနစ်၃၀လောက် လေ့ကျင့်ခန်းလုပ်နိုင်အောင် ကြိုးစားကြည့်ပါ။ နှလုံးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းက အေရိုးဗစ်ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ခပ်ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့လည်း  ပြုလုပ်နိုင်ပါတယ်။ လမ်းလျှောက်ခြင်းက ကောင်းမွန်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဟိုနားဒီနား၁၀မိနစ်လောက် အချိန်ပေးပြီး လျှောက်ကြည့်လိုက်ပါ။ ဥပမာ ကားပါကင်ကို နည်းနည်းဝေးတဲ့နေရာမှာရပ်နားလိုက်တော့ လမ်းနည်းနည်းပိုလျှောက်ရတာပေါ့။ ဓါတ်လှေကားအစား လှေခါးထစ်ကို သုံးပါ။ ဘတ်စ်(သို့)ရထားစီးတော့မယ်ဆိုရင်တော့ ၁မှတ်တိုင်အလိုကြိုဆင်းပြီး ကျန်ခရီးကို ခြေကျင်လျှောက်ပါ။ နေ့လည်စားကိုလည်း လမ်းလျှောက်ထွက်စားပါ။ အလုပ်ပြီးတာနဲ့ သူငယ်ချင်း (သို့) ကိုယ့်ရဲ့ခင်ပွန်းဇနီးဖြစ်သူနဲ့အတူ လမ်းလျှောက်ပါ။ စိတ်လက်ပေါ့ပါးပြီး စိတ်ဖိစီးမှု လျော့ကျလာပါလိမ့်မယ်။

၂။ ကျန်းမာစေတဲ့ အစားအစာများ
ပြင်ပဆိုင်များမှ  junk food and high-fat fast food စားခြင်းကို ဖြတ်ပါ။ ဘာလို့လဲဆိုတော့ ၄င်းတို့မှာ ပြည့်ဝဆီ၊ဆားနဲ့ ကိုလက်စရောပြည့်ဝစွာ ပါရှိတဲ့အတွက် နှလုံး၊ ဦးနှောက်နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Mediterranean diet လို့ခေါ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ငါး၊အစေ့အဆန်နဲ့ သံလွင်ဆီပြည့်ဝစွာပါဝင်တဲ့ ကျန်းမာစေတဲ့ အစားအသောက်များနဲ့အစားထိုးပြောင်းလဲစားသုံးကြည့်ရအောင်။ အီတလီ၊  စပိန်နဲ့ ဂရိလူမျိုးတွေ စားသလိုမျိုး စားကြည့်ပါ။

၃။ ဝိတ်ချခြင်း
ကိုယ်အလေးချိန်များလွန်းရင် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။လောင်ကျွမ်းနိုင်မဲ့ ကယ်လိုရီပမာဏထက် ပိုစားရင် ဝလာပါလိမ့်မယ်။ ဒါကြောင့် လျှော့စားပေးပါ။ လေ့ကျင့်ခန်းများများလုပ်ပေးပါ။ ဒါမှသာ နှလုံးရောဂါ၊ ဆီးချိုနဲ့ လေဖြတ်ခြင်းမဖြစ်နိုင်အောင် ဟန့်တားပေးရာ ရောက်ပါတယ်။  အဲဒီလိုမျိုး lifestyle ပြောင်းနိုင်အောင် မိမိကိုယ်တိုင်ပဲ တွန်းအားပေးလုပ်ဆောင်ပါ။

၎။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်ကို မိမိရဲ့ မိသားစုကျန်းမာရေးရာဇဝင်ကို ပြောပြပြီး ကိုယ်တိုင်လည်းဖြစ်နိုင်ချေရှိမယ်၊ စစ်ဆေးဖို့လိုမယ်လို့ ယူဆရမဲ့စမ်းသပ်ခြင်းများကို လေ့လာမှတ်သားလိုက်နာပါ။ ဥပမာ- အမျိုးသမီးဆိုရင် ရင်သားကင်ဆာရှိမရှိ mammograms နဲ့ သားအိမ်ခေါင်းကင်ဆာရှိမရှိ Pap Smear test စစ်ရပါမယ်။ အမျိုးသားများအတွက် ဆီးကျိတ်ရောဂါရှိမရှိ  Prostate-Specific Antigen(PSA)စစ်ရပါမယ်။ အသက်၅၀ရောက်ရင်တော့ မိမိရဲ့ မိသားစုထဲမှာအူမကြီးကင်ဆာရှိတယ်ဆိုရင်တော့ စောစောစီးစီး စစ်ဖို့လိုပါမယ်။ ဆီးချို၊သွေးတိုးနဲ့ ကိုလက်စရောစစ်ဆေးခြင်းများကို ပုံမှန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေး Immunizationsများထိုးနေရရင်လည်း ဆေးပတ်လည်အောင်ထိုးပါ။ အသက်အရွယ်ကိုလိုက်ပြီး Flu နဲ့ Pneumoniaကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

၅။ စိတ်ဖိစီးမှုလျော့ကျအောင်နေထိုင်ခြင်း
အကယ်လို့ လူတယောက်က လေ့ကျင့်ခန်းလုပ်ဖို့ အလုပ်ရှုပ်နေပြီလို့ပြောလာရင် သူတို့ဟာ ဘဝမှာအရေးကြီးတဲ့အရာများကို ပြုလုပ်နေတာဖြစ်ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေအပေါ် အချိန်ပေးပါ၊ လေ့ကျင့်ခန်းအပြည့်အဝလုပ်ပါ၊ အချိန်မှန်မှန်စားပါ၊ လုံလောက်မျှတစွာ အိပ်စက်ပါ။  သင့်ဘဝရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်စေဖို့   စိတ်ဖိစီးမှုကို လျော့ချအောင်နေထိုင်ခြင်းဟာ အရေးပါတဲ့အရာဖြစ်ပါတယ်။  

ဒါကြောင့် ကျန်းမာစေဖို့ စည်းကမ်းတကျ ဘောင်တခုတွင်း အလုပ်ချိန်ကို ကန့်သတ်ထားပါ။ ကျန်းမာရေးကို လစ်လျူရှုပြီး အလုပ်ကို အရမ်းကြိုးစားပြီး မလုပ်သင့်ပါ။ အထူးသဖြင့် အသက်ကြီးသူများနဲ့ ငယ်ရွယ်တဲ့ကလေးများကို ပြုစုစောင့်ရှောက်မဲ့သူတွေအနေနဲ့ သင့်တင့်မျှတတဲ့လေ့ကျင့်ခန်းနဲ့ လုံလောက်စွာအိပ်စက်မှုရှိပါစေလို့ အကြံပြုပါရစေ။ 

No comments: