Wednesday, May 8, 2013

အကောင်းမွန်ဆုံးအဖြေ

အကယ်လို့များ သင်ဟာ လေပြင်းမုန်တိုင်းမိုးသည်းညမိုက်ထဲမှာ တယောက်တည်း ကားမောင်းလာတယ် ဆိုပါစို့။ ရုတ်တရက် ဘတ်စ်ကားမှတ်တိုင်ကို ဖြတ်အသွားမှာ လူ၃ယောက်ဟာ ဘတ်စ်ကားစီးဖို့ စောင့်နေတာကို တွေ့လိုက်ရမယ်။
ပထမလူက သေလုမျောပါးဖြစ်နေတဲ့ အမယ်အိုတယောက်၊ ဒုတိယလူက သင့်အသက်ကို ကယ်တင်ဖူးခဲ့တဲ့ မိတ်ဆွေဟောင်း၊ တတိယတယောက်က သင်စိတ်ကူးထဲက ပြည့်စုံကောင်းမွန်ပြီး စံထားလောက်တဲ့ အဖော်မွန်ကောင်းတယောက်။ ဘယ်တယောက်ကို ကားပေါ်တက်စီးဖို့ သင်ရွေးချယ်မလဲ။ ဘာလို့လဲဆိုတော့ သင့်ရဲ့ကားဟာ ခရီးသည်တယောက်စာ စီးနင်းဖို့ ရနိုင်လို့ပဲ ဖြစ်တယ်။ အောက်က စာဆက်မဖတ်ခင် ဘယ်သူ့ကို ရွေးမလဲဆိုတာ သင်အရင်စဉ်းစားတွေးကြည့်ပါ။
ဒါဟာ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ အကျပ်ရိုက်ခြင်း တမျိုးဖြစ်ပြီး တချိန်က အလုပ်လျှောက်ရာမှာ မေးခဲ့ဖူးတဲ့ မေးခွန်းမျိုးဖြစ်တယ်။ ကိုင်း ဘယ်သူ့ကို ရွေးမလဲ။

- အဖွားအိုသည် သေလုမျောပါးဖြစ်နေသောကြောင့် သူမကို အလျင်စလို ကယ်တင်လိုစိတ်ဖြင့် ခေါ်ဆောင်သွားမည်။
- ဒါမှမဟုတ် သင့်ရဲ့အသက်ကိုကယ်တင်ဖူးခဲ့တဲ့ မိတ်ဆွေကိုပဲ ခေါ်ယူလိုက်မည်။ ဒါဟာ သူ့ကျေးဇူးကို ပြန်ဆပ်ခွင့်ကြုံဖို့ အကောင်းဆုံးအခွင့်အလမ်းဖြစ်သည်။
- ဒီလိုဆိုရင် သင်ရဲ့အဖော်မွန်ကောင်းကို တဖန်ပြန်ပြီး ရှာတွေ့နိုင်တော့မှာ မဟုတ်တော့ဘူး။
အလုပ်လျှောက်သူ၂၀၀အနက် တယောက်သောသူဆီက အဖြေကို အခက်အခဲမရှိဘဲ ဖြေဆိုနိုင်ခဲ့တဲ့အတွက် သူ့ကို အလုပ်ခန့်လိုက်ပါတယ်။ သူ့ရဲ့ အဖြေကဘာလဲဆိုတာ မှန်းကြည့်လို့ရလား????

သူအလွယ်တကူပဲ ဖြေသွားလိုက်ပါတယ်။
"ကျွန်တော့ကားသော့ကို ကျွန်တော့မိတ်ဆွေကိုပေးပြီး အဆိုပါအဖွားအိုကို ဆေးရုံကိုခေါ်သွားဖို့ပြောမယ်။ ကျွန်တော်ကတော့ ကျွန်တော်စိတ်ကူးထားတဲ့ ဘဝကြင်ဖော်နဲ့အတူနေရစ်ပြီး ဘတ်စ်ကားကို သူမနဲ့အတူ စောင့်နေမယ်။"
တခါတရံမှာ ကျွန်တော်တို့ရဲ့ ဇွတ်တရွတ်နိုင်တဲ့ ခေါင်းမာတဲ့အတွေးအခေါ်ကန့်သတ်ချက်များကို စွန့်ပစ်နိုင်ရင် အမြတ်အစွန်းများစွာရရှိနိုင်မှာ ဖြစ်ပါတယ်။ သမရိုးကျ မတွေးပဲ ချင့်ချိန်ကြံဆပြီး စိတ်ကူးကောင်းလေးများ ဖန်တီးတွေးတောစွမ်းဆောင်နိုင်ကြပါစေ။

No comments: