Sunday, September 16, 2012

သဘာဝအတိုင်း လှပတဲ့အသားအရေပိုင်ရှင်မျိုးဖြစ်ချင်ရင်

ဒါဟာ သိပ်တော့မခက်ခဲပါဘူး။ အချိန်ပေးနိုင်ရမယ်၊ စိတ်ရှည်ဖို့တော့ လိုတာပေါ့။ ကဲ သဘာဝအတိုင်း အသားအရေချောမွေ့စေမဲ့ နည်းလမ်းလေးတွေ ကြည့်လိုက်ကြရအောင်။

 
အစားအသောက်
အစားအသောက်ဟာ အသားအရေထိန်းသိမ်းရာမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဏကနေ ပါဝင်ပါတယ်။ အကယ်လို့ သန့်စင်ထားတဲ့သကြား၊ ဂျုံမှုန့်ဖြူနဲ့ အချိုရည်များများသောက်ရင် သင့်အသားအရေဟာ ပါးရေတွန့်လွယ်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မယ်။ အဲဒီ အစား အသောက်တွေကြောင့် အသားအရေဟာ အစက် အပြောက်တွေ၊အမည်းကွက်တွေ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် သင့်တော်မှန်ကန်တဲ့ ကျန်းမာတဲ့ အစားအသောက်ဟာ အသားအရေလှပစေဖို့ ပထမအဆင့်မှာ ပါဝင်ပါတယ်။ အောက်ပါ အစားအသောက်စာရင်းလေးတွေဟာ အသားအရေဝင်းမွတ်တောက်ပစေဖို့ လိုအပ်တဲ့ အစားအသောက် အစိတ်အပိုင်းအချို့တို့ ဖြစ်ပါတယ်။
ပရိုတိန်း(အသားဓါတ်) - ပရိုတိန်းဓါတ်ချို့တဲ့ရင် အသားအရေကို မွဲခြောက်စေပါတယ်။ သင့်ရဲ့နေ့စဉ်အစားအသောက်ထဲမှာ ပရိုတိန်းဓါတ်များစွာရှိဖို့ လိုပါတယ်။ ဥပမာ- ပဲပိစပ်၊ နွားနို့၊ ပဲပင်ပေါက်၊ မလိုင်ထုတ်ပြီး ဒိန်ခဲပျော့၊ ကြက်ဥ၊ ကြက်သားတွေမှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာ ပါရှိပြီး ပုံမှန်စားသောက်ရမဲ့စာရင်းထဲမှာ တစိတ်တဒေသပါဝင်ရမှာ ဖြစ်ပါတယ်။

ကာဗိုဟိုက်ဒရိတ်(ကစီဓါတ်) - ကစီဓါတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါပါတယ်။ သကြားဖြူအစား ပျားရည်နဲ့သကြားညိုပါဝင်တဲ့အစားအစာများကို ရွေးချယ်စားသုံးပါ။ ဘာလို့လဲဆိုတော့ သူတို့မှာ   အဆိပ်အတောက်များကို အကောင်းမွန်ဆုံး ဖယ်ရှားနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင်  သန့်စင်ထားတဲ့ဂျုံမှုန့်ရဲ့ဘေးထွက်ဆိုးကျိုးမှ ကင်းဝေးဖို့နဲ့ ကောင်းမွန်တဲ့ကစီဓါတ်ရရှိစေဖို့ နူးညံ့တဲ့ပေါင်မုန့်ဖြူ (White Bread)အစား ဂျုံကြမ်းပေါင်မုန့်ညို နဲ့ ဂျုံအမျိုးပေါင်းများစွာနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်(Multi-Grain Bread)ကိုသာ အစားထိုးသုံးဆောင်ပါ။ အရင်တုန်းကတော့ နူးညံ့တဲ့ပေါင်မုန့်ကိုသာ နှစ်သက်ပြီး ဒီဆောင်းပါးလေးရေးပြီး ဘာသာပြန်ကြည့်တော့မှ အဆိုပါပေါင်မုန့်မျိုးကို ရှာဖွေဝယ်ယူစားပါတယ်။

ဖိုင်ဘာ(အမျှင်ဓါတ်)- အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအသောက်ကို စားသုံးပါ။ လှပတဲ့အသားအရေဖြစ်ဖို့ အမျှင်ဓါတ်ပေါများစွာပါတဲ့ အစာကို များစွာမှီဝဲပါက အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။  သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အရေခွံတွေဟာ အကောင်းဆုံးသဘာဝအမျှင်ဓါတ် အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ပန်းသီး၊ သခွားသီးနဲ့ ခရမ်းချဉ်သီးများကို အခွံမခွာဘဲ စားသင့်ပါတယ်။ သူတို့ရဲ့အရေခွံမှာ အမျှင်ဓါတ်ပေါကြွယ်တဲ့အတွက် ၄င်းတို့ရဲ့အခွံကိုစားပေးခြင်းဖြင့် ကောင်းမွန်တဲ့ သဘာဝဖိုင်ဘာအရင်းအမြစ်ကို ရရှိစေမှာဖြစ်ပါတယ်။    

ဗီတာမင်- အသားအရေလှပဖို့ ဗီတာမင်ဟာ အရေးပါတဲ့အခန်းကဏ္ဏကနေ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ ဝက်ခြံကို ကာကွယ်တယ်၊ ပျက်စီးသွားတဲ့တစ်ရှူးတွေကို အသစ်ပြန်ဖြစ်စေတယ်၊ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေ ပြေအောင် ကူညီပေးတယ်။ အရေးအကြောင်းမဖြစ်အောင် ဟန့်တားပေးတယ်။ ခန္ဓာကိုယ်ထဲမှာ အဆီထုတ်လုပ်မှုကို လျော့နည်းစေတယ်။ ဗီတာမင်အေကောင်းမွန်စွာ ရရှိနိုင်မဲ့အရင်းအမြစ်မှာ ကြက်ဥ၊ နွားနို့၊ ကန်စွန်းဥ၊ တရုတ်ဆီးသီး၊ သစ်တော်သီး၊ သဘောင်္သီးတို့ ဖြစ်ပါတယ်။
ဗီတာမင်ဘီဟာ သွေးလည်ပတ်မှုနဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို အားပေးလှုံ့ဆော်ပေးသောကြောင့် ကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်းဖို့ အထောက်အကူဖြစ်စေပါတယ်။ လတ်ဆတ်တဲ့အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အတော်အများ၊ နွားနို့၊ ငါး၊ နှံစားပင်နဲ့ အစေ့အဆံများတွင် သဘာဝဗီတာမင်ဘီဓါတ်များ ပါဝင်ပါတယ်။
ဗီတာမင်စီကတော့ အရေးအကြောင်းကို လျော့နည်းစေခြင်း၊ သွေးလည်ပတ်မှုအားကောင်းခြင်း၊ အသက်ကြီးမှ ထွက်ပေါ်လာတဲ့ အညိုကွက်များနဲ့ နေလောင်ကွက်များ  ကုသခြင်းတို့ကို စွမ်းဆောင်နိုင်ပါတယ်။ အစားအစာထဲမှာလဲ ဗီတာမင်စီဓါတ်ဟာ အရေးပါပါတယ်။ ရှောက်၊သံပရာမျိုးဝင်သီးများ၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ဘရိုကိုလီဟာ သဘာဝဗီတာမင်စီအရင်းအမြစ်များ ဖြစ်ကြပြီး ၄င်းတို့ကို စားသုံးပေးခြင်းဖြင့် ခြောက်ပြစ်ကင်းစင်သော အသားအရေကို ရရှိစေမှာဖြစ်ပါတယ်။

အခြား - ဒိန်ချဉ်၊ နို့ထွက်ပစ္စည်း၊ ကျန်းမာစေတဲ့အစားအစာများကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့အတွက် အသားအရေဟာ အလိုအလျောက်လှပလာမှာ ဖြစ်ပါတယ်။
     
သဘာဝထွတ်ကုန်များ
လှပတဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ ဥပမာ- ရှားစောင်းလက်ပတ်၊ သခွားသီး၊ ရနံ့အဆီအမျိုးမျိုး (essential oils)အစရှိတဲ့ သဘာဝထွက်ကုန်ပစ္စည်းတို့ကို သုံးရပါမယ်။
ရနံ့ဆီအမျိုးမျိုး - ကြက်ဆူဆီ၊ အုန်းဆီ၊ သံပရာဆီ၊ လာဗင်ဒါဆီတို့ဟာ အရေပြားအတွက် အကျိုးထူးဖြစ်ထွန်းစေပါတယ်။ အဆိုပါအဆီများကို လိမ်းပေးခြင်းဖြင့် ဝက်ခြံသက်သာစေခြင်း၊ အသားအရေကို ဝင်းမွတ်စင်ကြယ်စေခြင်း၊ ဆားဝက်ခြံများဖယ်ရှားပေးခြင်းတို့ကြောင့် အသားအရေချောမွတ် တောက်ပလှပလာစေလိမ့်မယ်။  Tea tree oil ကတော့ သဘာဝထွက်ကုန်များဖြစ်တဲ့ ဝက်ခြံပျောက်ဆေးများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အသီးနဲ့ဟင်းသီးဟင်းရွက်များ-  အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ရန်နဲ့ နေလောင်ကွက်များ လျော့နည်းစေဖို့ သခွားသီးအခွံ (သို့) သခွားသီးကို မျက်နှာနဲ့လက်တွေမှာ လိမ်းပေးရပါမယ်။ သဘောင်္သီးနဲ့သံပရာသီးတွေမှာ အရေပြားပေါ်ရှိ အစွန်းကွက်၊ အမည်းစက်များကို လျေုာ့နည်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ထို့ပြင် ခရမ်းချဉ်သီးနဲ့ အာလူးသီးတွေမှာ နေလောင်ကွက်နဲ့ နေရောင်ခံလို့ ညိုလာတဲ့ အသားအရေတွေကို လျော့နည်းကင်းစင်သွားအောင် ပြုလုပ်နိုင်တဲ့အစွမ်းသတ္တိတွေ ရှိပါတယ်။

အိမ်တွင်းဖြစ်မျက်နှာပေါင်းတင်ဆေး   - ဓါတုဗေဒပစ္စည်းများမပါဝင်တဲ့ ပျားရည်၊ ကြက်ဥ၊ ဆနွမ်း၊ နွားနို့စတာတွေကို ရောစပ်ထားတဲ့ မျက်နှာပေါင်းတင်ဆေးကို အိမ်မှာ ကိုယ်တိုင်ဖော်စပ်ပြီး ၁ပတ်တခါ ပေါင်းတင်ကြည့်နိုင်ပါတယ်။  မျက်နှာချေးချွတ်ဖို့အတွက်ဆိုရင် ဂျုံမှုန့်၊ နွားနို့နဲ့ သကြားတို့ပေါင်းစပ်ကာ ပြုလုပ်နိုင်ပါတယ်။ အထက်ပါဖော်စပ်နည်းတို့မှာ အန္တရာယ်လဲကင်း၊ အစွမ်းလဲထက်မြက်ပါပေတယ်။

ဒါ့အပြင် ရှားစောင်း၊ သံလွင်ဆီ၊ ဗာဒံနှင့် အရသာဆင်တဲ့ အသီး (almonds)၊ ထောပတ်သီး၊ ဒိန်ချဉ်၊ ပျားရည်၊ စန္ဒကူးနံ့သာတို့မှာ အသားအရေကို လှပစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါ့ကြောင့် ၄င်းတို့ကို မျက်နှာပေါင်းတင်ရာမှာ အသုံးပြုနိုင်သလို ခရင်မ်ဖော်စပ်ရာမှာလည်း ပြုလုပ်နိုင်ပါတယ်။ အသားအရေကို ဘာမှမထိခိုက်စေနိုင်ပါ၊ အဆိုပါ သဘာဝထွက်ကုန်များနဲ့ ဖော်စပ်ထားတဲ့ပစ္စည်းများကို နေ့စဉ်ပုံမှန်သုံးစွဲပေးပါက လှပတဲ့ အသားအရေပိုင်ရှင်ဖြစ်လာစေမှာ မလွဲမသွေပါဘဲ။ 
 

No comments: