Tuesday, March 29, 2011

ဆက်သွယ်ရေးနည်းပညာ ဘယ်လောက်အရေးပါတယ်ဆိုတာ။

ဆက်သွယ်ရေးနည်းပညာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးနဲ့ ဥပမာပြချင်တယ်။ တနေ့မှာ မောင်လေးက သူ့အလုပ်ကနေ သူ့ကျောင်းရဲ့ အဆိုင်းမန့်နဲ့ပတ်သက်တဲ့ဖိုင်ကို သူ့ဆီအီးမေးလ်နဲ့ပို့ပေးဖို့ ဖုန်းဆက်လာပါတယ်။ ကျွန်မလည်း ကွန်ပျူတာဖွင့်ပြီး ပို့ပေးမယ်လုပ်တော့ အင်တာနက်ကွန်နက်ရှင်မရတာကို တွေ့ရတယ်။ ဒါနဲ့ ကြိုးချောင်တာလား ပလက်မမိတာလား လျှောက်ကလိကြည့်တယ်။ မရပါဘူး။ ဒီတော့ မောင်လေးက ဘယ်လိုလုပ်မလဲ။ ဒီနေ့နောက်ဆုံးကျောင်းကို မတင်နိုင်ရင် စာမေးပွဲကျမှာဆိုပြီး သူ့ရဲ့လက်ပ်တော့ကို သူအလုပ်ကနေဆင်းရင် သူ့ကျောင်းကို လာပို့ခိုင်းတယ်။ ဒါနဲ့ ကျွန်မလည်း လက်ပ်တော့ကို မြန်မြန်အိတ်ထဲကောက်ထည့်ပြီး အပြေးအလွှားသွားပို့ပါတယ်။

MRTလည်းရောက်ရော သူ့ကျောင်းကို မရှာတတ်တာနဲ့ ကျွန်မမက်ဆေ့ပို့လိုက်ပါတယ်။ ကျွန်မဖုန်းကတ်က ကုန်ခါနီးဆိုတော့ မက်ဆေ့သာပို့လို့ရပါတယ်။ အပြန်အလှန်မက်ဆေ့ပို့နေတာနဲ့တင် အချိန်လင့်နေပါတယ်။ ၁၀မိနစ်ကျော်ကြာမှ လူချင်းရှာတွေ့တော့တယ်။ ဒါနဲ့ သူလည်း လက်ပ်တော့အိတ်ကို ပြေးဆွဲပြီး တဟုန်ထိုးကျောင်းကို ပြေးသွားပါတယ်။ သူလည်း ကျွန်မသူ့ကျောင်းကို တခါရောက်ဘူးလို့ မှတ်မိတယ်ထင်ပြီး ဘာစကားမှပြောမသွားခဲ့ဘူး။ ကျွန်မလည်း မှတ်မိသလောက် ရမ်းစမ်းပြီး လိုက်ခဲ့ပေမဲ့ ည၈နာရီလောက်ဆိုတော့ ဘယ်မှတ်မိတော့မှာလဲ။ လမ်းမှားသွားပါတယ်။ ဒါနဲ့ ကျွန်မMRTပဲ ပြန်သွားခဲ့ပါတယ်။

ကျွန်မရဲ့ပိုက်ဆံအိတ်နဲ့ရထားစီးမယ့်ကတ်က သူ့ရဲ့လက်ပ်တော့အိတ်ထဲ ပါသွားတာကို သတိရပြီး ခေါင်းမီးတောက်ခဲ့ရတယ်။ သူ့ဆီ မက်ဆေ့အတန်တန်ပို့တော့လည်း အကြောင်းမပြန်။ အိမ်က သူ့သူငယ်ချင်းဆီကို သူအိမ်ပြန်ရောက်မရောက် မေးကြည့်တော့လည်း မရောက်ဘူးတဲ့။ ဘယ်နှယ့်လုပ်ရမလဲ။ ကျွန်မစိတ်ညစ်လွန်းလို့ ငိုချင်လာမိတယ်။ ရထားဝန်ထမ်းတွေကလည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့။ သူတို့ဆီ အကူအညီတောင်းချင်ပေမယ့် ရှင်းပြရမှာရှည်လွန်းတဲ့အတွက် စိတ်ရှည်ရှည်နဲ့ သီးခံစောင့်နေပါတယ်။

ဒီလိုနဲ့ ၁နာရီကျော်တာကြာသွားတယ်။ မောင်လေးထံမှ ဘာအဆက်အသွယ်မှ မရခဲ့ဘူး။ ကျွန်မမှာ ဗိုက်ကလဲဆာ၊ ပိုက်ဆံလဲမရှိ။ ရထားစီးဖို့ကတ်လဲမရှိ။ ဖုန်းကလည်း မက်ဆေ့ပဲပို့ရတာဆိုတော့ ဒီရထားဘူတာစည်းဝိုင်းထဲမှာပဲ လူးလားခေါက်ပြန် လမ်းလျှောက်ရင်း အရမ်းကို စိတ်ဒုက္ခရောက်ခဲ့ပါတယ်။ နောက်ဆုံးတော့ ရထားလုံခြုံရေးဝန်ထမ်းကို အကူအညီတောင်းပြီး သူ့ဆီကို ဖုန်းဆက်ကြည့်တော့လဲ သူမကိုင်ဘူး။ ဒါနဲ့ Voice Messageနဲ့ နင့်အစ်မဘူတာမှာစောင့်နေကြောင်း ပြောပေးရှာပါတယ်။ သူတို့ကိုကျောင်းလိပ်စာမေးတော့လည်း မသိဘူးတဲ့။

ဒီလိုနဲ့ပဲ ဘုရားဆုတောင်းပြီး စိတ်ရှည်ရှည်နဲ့စောင့်နေပါတယ်။ အဆိုင်းမန့်ပေးရုံလေးပဲ ထင်တာကိုး။ ကျောင်းပါတက်နေလို့ ခေါ်မရခဲ့တာကိုး။ အိမ်ကသူ့သူငယ်ချင်းကလည်း သူ့ကိုအဆက်မပြတ်ခေါ်ပေးတော့ သူကသိသွားပြီး မကြာမီကျွန်မဆီလာမယ်လို့ ပြောပါတယ်။ ည၁၀နာရီလောက်ကျမှ သူဘူတာရောက်မယ်လို့ မက်ဆေ့ပို့လာပါတယ်။

ကျွန်မလည်း ဝမ်းသာအားရနဲ့ ရထားဝန်ထမ်းကို မောင်လေးဆက်သွယ်လာပြီ၊ ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။ ခဏနေတော့ မောင်လေးရောက်လာပြီး သူတို့ကို လက်ပြနှုတ်ဆက်ကာ ဘူတာကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကနေပြီး ဆက်သွယ်ရေးနည်းပညာဟာ လူတွေရဲ့ဘဝအတွက် ဘယ်လောက်အရေးပါ၊ အဆင်ပြေမြန်ဆန်အသုံးဝင်ကြောင်း လက်တွေ့ခံစားသိရှိပြီး အဆိုပါနည်းပညာများကို တီထွင်ဖန်တီးပေးခဲ့တဲ့ ပညာရှင်ဂုရုကြီးများကို စိတ်ထဲအခါခါ လေးစားကျေးဇူးဥပကာရတင်မိပါကြောင်း။

1 comment:

December Mgmg said...

ကောင်းတယ် ခုလို ကိုယ်တွေ့ကို ဝေငှတဲ့အတွက် ကျေးဇူးတင်ပါတယ်