Monday, March 14, 2011

အရေပြားပေါ်မှ အစက်အပျောက်များကို ဘယ်လိုကာကွယ်မယ်။


၁။ အစက်အပျောက်ဆိုတာဘာလဲ။
ခန္ဓာကိုယ်မှ အရောင်ခြယ်ပစ္စည်း(မယ်လနင်)အနည်းအများထုတ်လွှတ်မှုအပေါ်လိုက်ပြီး အစက်အပျောက်များဖြစ်လာပါတယ်။ အဆိုပါရောင်ခြယ်နည်းလွန်းပါက အဖြူကွက်များထွက်ပေါ်လာပြီး များလွန်းပါကလည်း အရေပြားဟာ သာမန်ထက်မည်းလာကာ မှဲ့ခြောက်၊ နေလောင်ကွက်ကဲ့သို့ အမည်းစက်များထွက်ပေါ်တတ်ပါတယ်။

၂။ အမျိုးအစားများနဲ့ဖြစ်ပေါ်ပုံ
နေဟာ အရေပြားကို အစက်အပျောက်ဖြစ်စေရုံသာမက ပိုမိုဆိုးရွားစွာမည်းစေနိုင်တယ်။ အာရှလူမျိုးအများစုမှာ Melasma လို့ခေါ်တဲ့ တင်းတိတ်လိုအညိုအမည်းကွက်များကို ပါးပြင်နဲ့ နဖူးတဝိုက်တွင် အတွေ့ရအများဆုံးဖြစ်တယ်။ အထူးသဖြင့် မီးဖွားပြီးစအမျိုးသမီးများနဲ့ သွေးဆုံးပြီးအမျိုးသမီးများတွင် တွေ့နိုင်ပါတယ်။ ၄င်းမှာ မျိုးရိုးဗီဇနဲ့ ဟော်မုန်းလုပ်ဆောင်ချက်များကြောင့်ဟု ဆိုနိုင်ပေမယ့် နေရောင်ခြည်ထိတွေ့မှုများပါက ပိုဆိုးစေနိုင်ပါတယ်။ ပဋိသန္ဓေတားဆေးသောက်ခြင်းနဲ့ ဝက်ခြံအမာရွတ်၊ နှင်းခူနဲ့ အပူလောင်နာများဟာ အစက်အပျောက်များဖြစ်စေနိုင်ပါတယ်။ တချို့သောလူနာများဟာ ပဋိဇီဝဆေး(Minocycline)ကြောင့် အရေပြားနဲ့ အမာရွတ်များပိုမည်းလာကြောင်း ဆရာဝန်များကတွေ့ရပါတယ်။ နေရောင်ထိတွေ့မှုနဲ့ မျိုးရိုးဗီဇအပြောင်းအလဲအရ လူငယ်များမှာ မှဲ့ခြောက်အချို့ကို တွေ့ရတတ်ပါတယ်။ လူကြီးများမှာ အသက်၎ဝကျော်လာပါက မယ်လနင်ထုတ်လုပ်မှုများလာပြီး အစက်အပျောက်များ ပိုမိုထွက်ပေါ်လာတတ်ပါတယ်။ နေရောင်ခြည်ကြာရှည်စွာထိတွေ့ခြင်း၊ အသက်အရွယ်အိုမင်းလာခြင်းကြောင့်လည်း မယ်လနင်ထုတ်လွှတ်မှုပမာဏများလာစေပါတယ်။

၃။ အမည်းစက်များကို ဖျက်နိုင်ပါသလား။
လုံးဝကင်းစင်အောင် မဖျက်နိုင်ပါ။ ဒါပေမယ့် ရောဂါဖြစ်စဉ်ပေါ်မူတည်ပြီး ကုသမှုနဲ့လျော့ပါးအောင် ပြုလုပ်နိုင်ပါတယ်။ ယေဘူယျအားဖြင့် ဟော်မုန်း(သို့)ဆေးအချို့သောက်ခြင်းကြောင့်ဖြစ်တဲ့ အစက်အပျောက်များကိုတော့ ခရမ်လိမ်းခြင်းအားဖြင့် လျော့ပါးစေနိုင်ပါတယ်။ အရေပြားအထူးကုများဟာ Tretinoin & Arbutin တို့ပါတဲ့ ခရမ်များကို ညွှန်ကြားလေ့ရှိပါတယ်။ မှဲ့ခြောက်များကိုတော့ IPL(Intensive Pulsed Light) or Pigment lasers တို့နဲ့ ဖယ်ရှားနိုင်ပါတယ်။ အထက်ပါပုံမှာ ပြထားတဲ့အတိုင်း အညိုအမည်းကွက်အသားမာများကို ကာဗွန်ဒိုင်အောက်ဆိုဒ်လေဆာ (သို့) Electordessication - လျှပ်စစ်သတ္တုချောင်းတံနဲ့ ပွတ်တိုက်စားပြီး အမြစ်ထိအောင် ဖယ်ရှားနိုင်ပါတယ်။

၎။ Whitening productsများဟာ အမှန်တကယ်ရော အသားဖြူစေတဲ့အာနိသင်ရှိသလား။
ရှိပါတယ်။ အစက်အပျောက်လျော့ပါးစေပြီး အသားဖြူဝင်းစေပါတယ်။ ဒါပေမယ့် အမျိုးအစား၂မျိုးရှိပါတယ်။ ဆရာဝန်ညွှန်ကြားမှ သုံးစွဲနိုင်တဲ့ Hydroquinone အုပ်စုနဲ့ ဆေးဆိုင်နဲ့အလှကုန်ဆိုင်များမှာ အလွယ်တကူဝယ်နိုင်တဲ့ Arbutin နဲ့ Kojic Acid တို့ ပါဝင်တဲ့ Non-Hyroquinone အုပ်စုတို့ပါပဲ။ Hydroquinoneကို Whitening products အများစု၌ တွေ့နိုင်ပြီး ၄င်းက မယ်လနင်ထုတ်ပေးတဲ့ Tyrosinase အင်ဇိုင်းကို ဟန့်တားပေးခြင်းဖြင့် အသားအရေကို ဖြူဝင်းစေပါတယ်။ Hydroquinone ပါဝင်နှုန်း၂%ခန့်က သာမန်နဲ့ အစက်အပျောက်များပြားတဲ့ အသားအရေရှိသူတွေအတွက် သင့်တော်ပြီး ၄% နဲ ၅% ကြားရှိ ပြင်းအားကတော့ အသားလတ်သူတွေအတွက် အကျိုးအာနိသင်ထိရောက်စေပါတယ်။ ဒါပေမယ့် Sensitive skin ရှိတဲ့သူများလိမ်းလိုက်တဲ့အခါ ပူလောင်တဲ့ခံစားမှု နဲ့ အသားအရေနီမြန်းပြီး အရေခွံကွာကျလာတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားမှသာ သုံးစွဲရပါမယ်။
Arbutinကို berryအုပ်စုပင်ရဲ့ အရွက်များမှရရှိပြီး ဘေးကင်းတဲ့ skin whitening ingredient ဖြစ်ပါတယ်။ မှဲ့ခြောက်နဲ့အသက်အရွယ်ကြီးသူများ၌ တွေ့ရတဲ့အမည်းစက်များကို လျော့ပါးစေနိုင်ပါတယ်။ Kojic Acidကို ဂျပန်မှိုတမျိုးမှရရှိပြီး မယ်လနင်ထုတ်လုပ်မှုကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။ ၄င်းတို့၂မျိုးရဲ့ပြင်းအားပါဝင်မှု ၂%မှ ၄%ကြားဟာ အာနိသင်ထိရောက်မှု အရှိဆုံးဖြစ်ပါတယ်။ အလားတူ ဗီတာမင်စီက အရေးအကြောင်းများကို လျော့ပါးစေပြီး အသားအရေကို ဝင်းမွတ်ချောမွေ့စေပါတယ်။

၅။ ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ။
ယခုအခါ ဈေးကွက်ထဲ၌ တံဆိပ်မျိုးစုံထွက်ပေါ်လာပြီး နာမည်ကြီးသရုပ်ဆောင်များနဲ့ အပြိုင်အဆိုင်ကြော်ငြာနေကြပါတယ်။ ဒါကြောင့် Whitening productsများကို ဝယ်ယူရာမှာ နာမည်ကြီးတဲ့ ဈေးကြီးတဲ့တံဆိပ်ဟာ မိမိအသားအရေနဲ့ တည့်မတည့်၊ ထိရောက်မှုရှိမရှိဆိုတာကို သေချာစွာလေ့လာပြီးမှ သုံးစွဲရပါမယ်။ အထူးသဖြင့် အရေပြားအထူးကုဆရာဝန်ကြီးများ ညွှန်ကြားတဲ့ပစ္စည်းဟာ သိပ္ပံနည်းကျကျ လက်တွေ့စမ်းသပ်ထားတဲ့အတွက် ဘေးကင်းစိတ်ချရပြီး ပိုမိုထိရောက်တဲ့ အာနိသင်အစွမ်းကို ရရှိစေမှာဖြစ်ပါကြောင်း။

2 comments:

Anonymous said...

ဖတ်၇ှုလေ့လာသွားပါတယ်
ကျေးဇူးပါ များများေ၇းသားတင်နိုင်ပါစေ

ဒီဇင်ဘာအလွမ်း said...

ဖတ်ရှုသွားပါတယ် ဝေဖန်စရာမရှိပါဘူး အားပေးသွားတယ်နော်